Connect with us

Asia

လန်ချန်း-မဲခေါင် နိုင်ငံများ အခက်အခဲများ ကျော်လွှားရန် အတူတကွ လုပ်ဆောင်မည်ဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ဝမ်ရိပြော

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲဘက် တတိယမြောက်) နှင့် အခြား မဲခေါင်ဒေသငါးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုအတွင်း  ခက်ခဲသောကာလများကို ကျော်လွှားရန် အတူတကွ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသော ပဉ္စမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဝမ်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

COVID-19 ရောဂါဖြစ်ပွားနေသည့်ကြားမှ ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပခြင်းသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ရိုးသားမှု၊ အပြန်အလှန် ကူညီမှုနှင့် ရင်းနှီးချစ်ကြည်မှုကို ဖော်ပြခြင်းဖြစ်ကြောင်း ဝမ်က ဆိုသည်။

အဆိုပါအစည်းအဝေးသည် LMC နိုင်ငံများက ၎င်းတို့၏ အဆိုးနှင့်အကောင်းကို မျှဝေကာ ခက်ခဲသော အချိန်များကို ကျော်လွှားရန် အတူတကွ လုပ်ဆောင်ကြမည်ဟု ယုံကြည်ချက်ရှိကြောင်းကို ပြသခြင်းလည်း ဖြစ်သည်ဟု ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ စုပေါင်းအားထုတ်မှုများမှတစ်ဆင့် COVID-19 ကပ်ရောဂါကို ဆန့်ကျင်တဲ့ တိုက်ပွဲကို အနိုင်ရရှိမှာဖြစ်ပြီး လန်ချန်း-မဲခေါင်မြစ်တစ်လျှောက်ရှိ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဝမ်က ပြောခဲ့သည်။

LMC ဆိုသည်မှာ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှ ပူးတွဲတည်ထောင်ထားသော ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရား တစ်ခုဖြစ်သည်။

တရုတ်နိုင်ငံရှိ ချင်းဟိုင်-တိဘက် ကုန်ပြင်မြင့်မှ မြစ်ဖျားခံစီးဆင်းလာသည့် အဆိုပါမြစ်ကို တရုတ်နိုင်ငံ၌ လန်ချန်းမြစ်ဟူ၍လည်းကောင်း၊ ပင်လယ်အတွင်းသို့ မစီးဝင်မီ ၎င်းမြစ်ဖြတ်သန်းစီးဆင်းရာတစ်လျှောက်ရှိ အခြားနိုင်ငံ ငါးနိုင်ငံတွင်မူ မဲခေါင်မြစ်ဟူ၍လည်းကောင်း ခေါ်ဆိုကြောင်း သိရသည်။  (Xinhua)