Connect with us

Asia

အခက်အခဲများကို လက်တွဲကျော်လွှားရန် တရုတ်နိုင်ငံနှင့် အာဆီယံတို့ ကတိပြုကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ရိ ပြော

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ ၂၀ ရက်က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (လယ်) ၊ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith (ယာ) နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin တို့က တရုတ်- အာဆီယံကိုရိုနာဗိုင်းရပ်စ် ရောဂါဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြုလုပ်သည့် နိုဗယ် ကိုရိုဗိုင်းရပ်စ် ရောဂါ(COVID-19) ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး၌ အရေးပါသော သဘောတူညီမှု ရရှိခဲ့ကြပြီး ယုံကြည်မှုတည်ဆောက်ကာ လက်ရှိ အခက်အခဲများကို အတူတကွ လက်တွဲကျော်လွှားရန် ကတိပြုခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးအချို့က တရုတ်နိုင်ငံနှင့် အာဆီယံအကြား ပိုမိုကောင်းမွန်သော ပြည်သူ့ကျန်းမာရေးဆိုင်ရာ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ရှင်းလင်းသော လမ်းကြောင်းတစ်ခု ရေးဆွဲရန်အတွက် ခေါင်းဆောင်များ အထူးအစည်းအဝေးတစ်ရပ် ကျင်းပရန် အဆိုပြုခဲ့ကြောင်း လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဝမ်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက် အစောပိုင်းတွင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ဗီဒီယိုကွန်ဖရင့်တစ်ခုပြုလုပ်ခဲ့ပြီး COVID-19 ဖြစ်ပွားမှုအတွင်း ကုထုံးဆိုင်ရာ အစီအစဉ်များနှင့် ဆေးကုသမှု အတွေ့အကြုံများကို အကျိုးရှိရှိဖလှယ်ခဲ့ကြသည်ဟု ဝမ်က ဆိုသည်။

တရုတ်နိုင်ငံ၏ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် နွေးထွေးစွာ ထောက်ခံခဲ့ကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံမျာအား ကျေးဇူးတင်ကြောင်း၊ ၎င်းစစ်မှန်သော ချစ်ကြည်ရင်းနှီးမှုကို နှလုံးသားထဲမှ အမှတ်ရနေမည်ဖြစ်ကြောင်း ဝမ်က ထပ်လောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစနစ်တစ်ခု တည်ထောင်ခဲ့ကြောင်း၊ တရုတ်ပြည်သူများကလည်း အချိန်နှင့်အမျှ အရေးပါပြီး အပြုသဘောဆောင်သော အောင်မြင်မှုများ ဆောင်ရွက်နိုင်ခဲ့သည်ဟု ဝမ်က ပြောခဲ့သည်။
ရောဂါဖြစ်ပွားမှုအသစ် အရေအတွက်မှာ ဆက်လက်ကျဆင်းလျက်ရှိသလို ကုသပျောက်ကင်းသွားသူ အရေအတွက်မှာလည်း လျင်မြန်စွာ တိုးတက်လျက်ရှိကြောင်း၊ ရောဂါရှာဖွေမှုနှင့် ကုသမှု အစီအစဉ်မှာ စဉ်ဆက်မပြတ် တိုးတက်မှုရှိကြောင်းနှင့်  ကုသပျောက်ကင်းမှုသည်လည်း သိသိသာသာ တိုးတက်မှု ရှိခဲ့ကြောင်း သိရသည်။
“တရုတ်နိုင်ငံသားများ၏ ညီညီညွတ်ညွတ် အားထုတ်ကြိုးပမ်းမှုတွေ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အားကောင်းတဲ့ ထောက်ခံမှုတွေကြောင့် နောက်ဆုံးမှာ အောင်ပွဲကို အနိုင်ရရှိမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဝမ်က ပြောခဲ့သည်။

အဆိုပါ ရောဂါဖြစ်ပွားချိန်ကစ၍ တရုတ်နိုင်ငံ အစိုးရသည် ပွင့်လင်း မြင်သာမှုရှိပြီး တာဝန်သိစိတ်ရှိရှိဖြင့် သတင်းအချက်အလက်အား အချိန်နှင့်တပြေးညီ မျှဝေခဲ့ကာ ကမ္ဘာသို့ ရောဂါပျံ့နှံ့မှုအား ထိရောက်စွာ ကာကွယ်ရန် တိကျပြတ်သားသော ဆောင်ရွက်ချက်များ ချမှတ်ခဲ့ကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး ဘေးကင်းမှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံ၏ အရေးပါသော ဆောင်ရွက်မှုအပေါ် အပြည့်အဝ အခိုင်အမာ ရပ်တည်ပေးခဲ့ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် အစည်းအဝေးတက်ရောက်လာသူ ဝန်ကြီးများအားလုံးက ရောဂါ ပူးတွဲကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေရေး၊ ကာလရှည် ပူးပေါင်းဆောင်ရွက်မှု စနစ် တည်ထောင်ရေး၊ ရောဂါနှင့်ပတ်သက်၍ အကျိုးသင့်အကြောင်းသင့် ကိုင်တွယ်ဆောင်ရွက်ရန်၊ ထိတ်လန့်စရာအဖြစ်ကို အနိုင်ယူပြီး အကျပ်အတည်းမှ အခွင့်အလမ်းအဖြစ်သို့ ပြောင်းလဲရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ၏ အောင်မြင်မှုအသစ်များအား အားပေးမြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း ဝမ်က ပြောခဲ့သည်။

တရုတ်နိုင်ငံနှင့် အာဆီယံအကြား အကျိုးစီးပွားများက မြင့်မားစွာ ပေါင်းစည်းလျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ပါဝင်သော လုပ်ငန်းစဉ်များနှင့် စက်မှုလုပ်ငန်းစဉ်များကလည်း နီးကပ်စွာ ချိတ်ဆက်မှုရှိကြောင်း၊ ရောဂါဖြစ်ပွားမှု အဆုံးသတ်သွားပြီးနောက် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်များမှာလည်း ပြန်လည် မြှင့်တက်လာမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု ကွက်လပ်များကိုလည်း ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောခဲ့သည်။

“တရုတ်-အာဆီယံဆက်ဆံရေးသည် ရောဂါပူးတွဲတိုက်ဖျက်ရာမှ မြင့်မားသောအဆင့်သစ်ဆီ တိုးတက်ရောက်ရှိလာကာ တရုတ်-အာဆီယံ ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခု တည်ဆောက်မှုက ရောဂါဖြစ်ပွားမှုကို ကျော်လွှားပြီးနောက် တိုးတက်မှုရှိလာမယ်ဆိုတာ အခိုင်အမာယုံကြည်ပါတယ်” ဟု ဝမ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။  (Xinhua)