Connect with us

Asia

လာအိုတွင် ၈ နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၁၀၈ ဦး ရှိပြီး ဆုံးရှုံးနစ်နာမှု မြောက်မြားစွာဖြစ်ပွား

ဆည်ရေကျိုးကျမှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသည့် ရေဘေးရှောင် ဒုက္ခသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစ၍ သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးသူ ၁၀၈ ဦး ရှိပြီး အခြေခံ အဆောက်အဦနှင့်အခြားဆုံးရှုံးနစ်နာမှုများသည် လာအို ငွေ ကစ်ပ် ၄၆၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅၅ မီလီယံခန့်) ဆုံးရှုံးခဲ့ကြောင်း လာအို ဗီယင်ကျန်းတိုင်းမ် သတင်းစာက သြဂုတ် ၈ ရက်တွင် အစိုးရအစီရင်ခံစာတစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။

သဘာဝကပ်ဘေးဟု ဆိုရာတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်း၊ မိုးခေါင်ရေရှား ဖြစ်ခြင်း၊ မီးဘေးအန္တရာယ်၊ ရောဂါဖြစ်ပွားခြင်း ၊ ပိုးကျခြင်း စသည်တို့ပါဝင်ကြောင်း ၊ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲများ၏ ဆိုးကျိုးများမှာ တစ်နေ့တစ်ခြားပိုမို သိသာ ထင်ရှားလာရာ သဘာ၀ ဘေးအန္တ ရာယ်များလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသောကြောင့် လာအို၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု နှင့် အသက်အန္တရာယ်လုံခြုံရေးကို အန္တရာယ်ပြုလျက်ရှိကြောင်း ၊ အစိုးရက နှစ်စဉ် ငွေကုန်ကြေးကျ အများကြီး အကုန်ကျခံကာ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်နေရသည် ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ယခုနှစ်ပိုင်းများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဖြစ်ခြင်း၊ တောင်ပြိုခြင်းနှင့် အခြား ဘေးအန္တရာယ်ကြောင့် လူပေါင်းများစွာ သေဆုံးဒဏ်ရာရခဲ့ကြောင်း ၊၂၀၁၁ ခုနှစ်တွင် အပူပိုင်းမုန်တိုင်း ကြောင့် သေဆုံးသူ ၃၀ ရှိပြီး ပြည်နယ်နှင့်မြို့ပေါင်း ၁၂ ခုတွင် လူ ၅ သိန်း ကပ်ဘေးသင့်ခဲ့သလို ၂၀၁၃ ခုနှစ်တွင် ရေကြီးရေလျှံ၊တောင်မြေပြိုမှုများကြောင့် လူ ၂၉ ဦး သေဆုံးပြီး လူပေါင်း ၃သိန်း ၅ သောင်း ကပ်ဘေးသင့်ခဲ့ကြောင်းသိရသည်။

ယခုနှစ်တွင် အပူပိုင်းမုန်တိုင်း အကြိမ်များစွာတိုက်ခတ်ခဲ့ကြောင်း ၊ ဇူလိုင်လ ၁၅ ရက် မှ ၂၂ ရက်အထိ မုန်တိုင်းဒဏ်သင့်သည့် ပြည်နယ်ပေါင်း ၁၁ ခု ရှိကြောင်း ၊ ထို့အပြင် မိုးဆက်တိုက်ရွာသွန်းမှုများ ကြောင့် ပြည်နယ် ၉ ခု ဆိုးဆိုးဝါးဝါးကပ်ဘေးသင့်ပြီး ရွာပေါင်း ၇၈၀ ရေနစ်မြုပ်ရာ ထောင်နှင့်ချီသော မိသားစုများက ယာယီခိုလှုံရေးစခန်းများကို ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.