Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ဘတ်စ်ကား တိမ်းမှောက် ၂၇ ဦးသေဆုံး

၂ဝ၁၆ ခုနှစ် ဧပြီ ၁၇ ရက်က လူပေါင်း ၂၇ ဦး သေဆုံးခဲ့သည့် အိန္ဒိယနိုင်ငံ ဘတ်စ်ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ Odisha ပြည်နယ် မြေပုံ ( ဓာတ်ပုံ - အင်တာနက် )

နယူးဒေလီ ၊ ဧပြီ ၁၈ ရက် ( ဆင်ဟွာ )

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ Odhisa ပြည်နယ်တွင် ဧပြီလ ၁၇ ရက်က ဇာတ်သဘင် အဖွဲ့သားများ လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ရာ အနည်းဆုံး လူပေါင်း ၂၇ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက် ဒဏ်ရာ ရသွား ကြောင်း ပြည်နယ် တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ ဘတ်စ်ကားသည် Odisha ပြည်နယ် မြို့တော် Bhubaneswar မြို့၏ အရှေ့မြောက်ပိုင်း ၂၆၄ ကီလိုမီတာ အကွာခန့်နေရာတွင် ဧပြီလ ၁၇ ရက် ညနေပိုင်းတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
“ မနေ့ညနေက နောက်ဆုံး ရတဲ့ စာရင်းအရ သေဆုံးသူ ၂၇ ဦး ရှိပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေရော ၊ ကလေးငယ်တွေရော ပါဝင်ပါတယ်။ ဘတ်စ်ကားပေါ်မှာ အော်ပရာဇာတ်အဖွဲ့သား စုစုပေါင်း ၄ဝ လောက် လိုက်ပါလာကြပါတယ်။ Deogarh ခရိုင် ထဲမှာ ရှိတဲ့ တောင်ပေါ်ကနေ အနက်ပေ ၂ဝဝ ရှိတဲ့ ချောက်ထဲကို ဘတ်စ်ကားက ထိုးဆင်းသွားတာပါ ” ဟု ရဲအရာရှိ တစ်ဦးက ဆိုသည်။
အဆိုပါ ဒေသတွင်း ပြဇာတ်အဖွဲ့သည် Dengurjhar ရွာတွင် ကပြပြီးနောက် အပြန်လမ်းခရီးတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲအရာရှိက ဖြည့်စွက် ပြောကြားသည်။ Deogarh ခရိုင် အကြီးတန်း ရဲအရာရှိ တစ်ဦးက အခင်းဖြစ်ပွားရာ နေရာတွင် လူသေ ၂၇ လောင်းကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု ဆိုသည်။
Odhisa ပြည်နယ် ဝန်ကြီးချုပ် Naveen Patnaik က မတော်တဆမှု ဖြစ်စဉ်အတွင်း သေဆုံးသွားသူများ အတွက် ဝမ်းနည်းပူဆွေးကြောင်း နှင့် ဒဏ်ရာ ရရှိသူများအတွက် အခမဲ့ ဆေးကုသခွင့် ရအောင် စီစဉ်ထားကြောင်း ပြောကြားသည်။ ဘတ်စ်ကား တိမ်းမှောက်ရခြင်း အကြောင်း နှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ရဲအရာရှိက ပြောသည်။
အိန္ဒိယနိုင်ငံတွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေရခြင်းမှာ ဝန်ပို တင်ဆောင်ခြင်း ၊ လမ်းခရီး ဆိုးဝါးခြင်း နှင့် မူးယစ်သောက်စားပြီး မောင်းနှင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့( WHO ) ၏ ကမ္ဘာ့ လမ်းခရီး လုံခြုံမှု အစီရင်ခံစာ ( Global Road Safety Report ) ၂ဝ၁၅ ခုနှစ် ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ် လူပေါင်း ၂ဝဝ,ဝဝဝ ကျော် သေဆုံး နေသည်ဟု ဆိုသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.