Connect with us

ASEAN

အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးသည် အကျိုးပူးပေါင်းဆောင်ရွက်မှုလော ဘက်ရွေး၍ထောက်ခံခြင်းလော

မေလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိအမေရိကန်-အာဆီယံအထူးထိပ်သီးအစည်းအဝေးအားဝါရှင်တန်၌ကျင်းပခဲ့သည်။ ယခုနှစ်သည် အမေရိကန်နှင့် အာဆီယံဆက်ဆံရေးထူထောင်သည့် ၄၅ နှစ်ပြည့်ဖြစ်ပြီးဤထိပ်သီးအစည်းအဝေးသည် ၂၀၁၆ ခုနှစ်ပြီးနောက် ပထမဆုံးအကြိမ် အမေရိကန်သမ္မတမှ ဦးစီးကျင်းပသည့် အမျိုးအစားတူအစည်းအဝေးဖြစ်သည်။ အစည်းအဝေးကျင်းပသည့်အချိန်အခါသည် ဘိုင်ဒင်၏ ပထမဆုံးအာရှခရီးစဉ်မတိုင်မီဖြစ်သည့်အတွက် ဘက်အသီးသီး၏ များစွာအလေးပြုခြင်းခံရပါသည်။“ရုရှားကယူကရိန်းအားကျူးကျော်သည့်အခက်အခဲအားဖြေရှင်းနေသည့် တစ်ချိန်တည်းတွင် အမေရိကန်ကလည်းအာရှပစိဖိတ်ဒေသအားလျစ်လျူရှုထားခြင်းမရှိကြောင်းဘိုင်ဒင်အစိုးရကထိုမှတစ်ဆင့် သက်သေပြလိုခြင်းဖြစ်သည်”ဟုအေပီသတင်းဌာနကရေးသားဖော်ပြသည်။ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအင်ဒို-ပစိဖိတ်အရေးအရာရှိ Kurt Campbell က “ယခင်အမေရိကန်အစိုးရတုန်းက ကျွန်တော်တို့ကခိုင်မြဲတဲ့ခြေလှမ်းတွေနဲ့ အရှေ့အာရှ သို့မဟုတ် အင်ဒိုပစိဖိတ်ဒေသကိုအာရုံစိုက်နေခဲ့ပါတယ်။ ပြီးနောက်မှာတော့ အခြားပိုမိုအရေးပေါ်ဖြစ်တဲ့ စိန်ခေါ်မှုတွေကြောင့် ကျွန်တော်တို့အာရုံပြောင်းသွားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးနောက်ထပ်ဖြစ်တော့မှာမဟုတ်ပါဘူး။”ဟုဆိုသည်။

သို့သော်လည်းထိပ်သီးအစည်းအဝေးတစ်ကြိမ်တည်းဖြင့်အမေရိကန်၏ မဟာဗျူဟာရည်မှန်းချက်ကိုဖော်ဆောင်နိုင်မည်လား။ရှေးဦးစွာအမေရိကန်ဗားရှင်း “အင်ဒိုပစိဖိတ်မဟာဗျူဟာ”သည် ပထဝီမဟာဗျူဟာဆိုင်ရာထိပ်တိုက်ရင်ဆိုင်မှုကိုလှုံ့ဆော်ပေးသဖြင့် အာဆီယံနိုင်ငံများကအခက်အခဲများကိုကြောက်လန့်ပြီးတွန့်ဆုတ်သွားစေပါသည်။

ဘိုင်ဒင်ကတာဝန်ထမ်းဆောင်လာကတည်းကတရုတ်နိုင်ငံအားအမေရိကန်အပေါ် ခြိမ်းခြောက်မှုအကြီးဆုံးဖြစ်သည့် စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးပြိုင်ဘက်အဖြစ် အမြဲတစေရှုမြင်ပြီး “အင်ဒိုပစိဖိတ်မဟာဗျူဟာ”အားဆက်လက်ဖော်ဆောင်ရန် ကြိုးပမ်းခဲ့ပါသည်။ သို့သော် အမေရိကန်ပြည်ပမဟာဗျူဟာ၏ အချက်အချာကိုမူ ၎င်းက အင်တိုက်အားတိုက်ဖော်ဆောင်ထားသည့် “လေးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု (Quad)” ယန္တရားတွင်ထားရှိထားသဖြင့် ဗဟိုချက်မမတည်ငြိမ်ဟုဆိုနိုင်ပေသည်။

အာဆီယံ၏အကြီးဆုံးစီးပွားရေးအုပ်စု၊ G-20 အဖွဲ့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံနှင့် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံတို့သည် ဘက်ရွေး၍ထောက်ခံမည်မဟုတ်ဟုအတိအလင်းထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆင်ကအစည်းအဝေးတက်ရောက်နေစဉ် အတွင်း၌ “ကမ္ဘောဒီးယားသည် အမေရိကန်နှင့်တရုတ်နိုင်ငံကြား၌ ဘက်ရွေး၍ထောက်ခံမည်မဟုတ်။

ကမ္ဘောဒီးယားသည် ငြိမ်းချမ်းရေးကိုလက်ကိုင်စွဲပြီးအာဆီယံ၏ ကြားနေသဘောထားကိုလိုက်နာသွားမည်” ဟုထောက်ပြပြောဆိုခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသမ္မတဂျိုကိုကလည်းအမေရိကန်သို့သွားရောက် အစည်းအဝေးမတက်ရောက်ခင် ထုတ်ပြန်သည့်သတင်း၌ “အင်ဒို-ပစိဖိတ်ဆိုင်ရာအာဆီယံ၏သဘောထားအမြင် (AOIP) ဖြင့် အာဆီယံကအမေရိကန်အပါအဝင် အာဆီယံမိတ်ဖက်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်နေပြီးဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် စည်ပင်သာယာမှုအတွက် အကျိုးထမ်းဆောင်သွားမည်”ဟုဖော်ပြထားသည်။ အခြားအစည်းအဝေးတက်ရောက်သည့် အာဆီယံနိုင်ငံခေါင်းဆောင်များကလည်းဘက်ရွေး၍ထောက်ခံမည်မဟုတ်သောသဘောထားကိုအတိအလင်းဖော်ပြလိုက်သည်။

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် ဖန်မင်ချင့်က အမေရိကန် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးစင်တာ၌ ဟောပြောရာတွင် လွတ်လပ်မှုနှင့်မှီခိုအားထားမှုတို့ကြားတွင် ဗီယက်နမ်သည် သမ္မတဟိုချီမင်း၏ “လွတ်လပ်မှုထက် ပိုမိုတန်ဖိုးရှိသည့်အရာဟူသည်မရှိ”စိတ်ဓာတ်ကိုအစဉ်တစိုက် အရင်းခံ၍ လွတ်လပ်မှုကိုရွေးချယ်ကြောင်းပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင် ထုတ်ဝေမှု ပမာဏအများဆုံးတရုတ်ဘာသာသတင်းစာ “World Journal” က အမေရိကန်ကအခွင့်ကောင်းယူ၍ ထိုင်းနိုင်ငံအားတရုတ်၊ ရုရှားနှစ်နိုင်ငံနှင့် အဆက်အသွယ်ဖြတ်ရန် တောင်းဆိုမည်ကို ပြည်တွင်းကယေဘုယျအားဖြင့် စိတ်ပူနေကြောင်း၊ ယင်းသည် ထိုင်းနိုင်ငံအတွက် ကောင်းကျိုးထက် ဆိုးကျိုးများကြောင်း ဆိုထားသည်။

ထို့အပြင် “အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင် (IPEF)” သည် နှုတ်ဖြင့်သာကတိပေး၍ လက်တွေ့အကျိုးစီးပွားမရှိသဖြင့် ဒေသတွင်းနိုင်ငံများအတွက်လုံလောက်သောဆွဲဆောင်မှု မရှိပေ။
ဘိုင်ဒင်တာဝန်ထမ်းဆောင်ပြီးနောက် “အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင်”အဆိုပြုချက်အားမိတ်ဆက်ခဲ့ပြီးကုန်သွယ်ရေးအဆင်ပြေချောမွေ့မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အခြေခံအဆောက်အအုံ၊ သန့်ရှင်းစွမ်းအင်နှင့် လုပ်သားစံနှုန်းတို့ကိုအလေးပေးထားသည်။ “အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင်” ၌ မူဘောင်တွင်ပါဝင်သောနိုင်ငံများအားအမေရိကန်တွင် ပိုမိုများပြားသည့် ဈေးကွက်လက်ခံနိုင်မှုအနေအထား (Market Access) ခွင့်ပြုသည့် အကြောင်းအရာများမပါဝင်ဟုအေဖက်ဖ်ပီသတင်းဌာနကဖော်ပြသည်။

ဘိုင်ဒင်ကအာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနား၌ အဆိုပါဒေသ၏ အခြေခံအဆောက်အအုံ၊လုံခြုံရေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးအပိုင်းတွင် အမေရိကန်ဒေါ်လာသန်း ၁၅၀ ထောက်ပံ့ပေးမည်ဟုကတိပြုခဲ့သည်။

သို့သော်လည်းလွန်ခဲ့သည့် နိုဝင်ဘာလကပင် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ကာစီးပွားရေး ပြန်လည်ဦးမော့မှုအားထောက်ခံအားပေးရန်အတွက် တရုတ်နိုင်ငံကအနာဂတ်သုံးနှစ်အတွင်း၌ အာဆီယံနိုင်ငံများသို့ ဖွံံ့ဖြိုးတိုးတက်မှုအကူအညီအမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံထောက်ပံ့ပေးမည်ဟုကတိပြုထားခဲ့ပြီးဖြစ်သည်။

အမေရိကန်သည် အင်ဒိုပစိဖိတ်မဟာဗျူဟာသို့မဟုတ် အင်ဒိုပစိဖိတ် စီးပွားရေးမူဘောင် ဖော်ဆောင်သည်ဖြစ်စေအာဆီယံ၏ ဗဟိုကျသည့်အနေအထားအားစိန်ခေါ်မှုရင်ဆိုင်ရစေခြင်းသို့မဟုတ် ၎င်းအားထိခိုက်စေပါကအာဆီယံနိုင်ငံအသီးသီးကလည်း ၎င်းအပေါ်သတိထားမည်မှာမုချပင်ဖြစ်သည်။

“Diplomat” မဂ္ဂဇင်း၏ သတင်းဖော်ပြချက်တွင်အမေရိကန်အစိုးရက ရုရှားနှင့်တရုတ်နိုင်ငံ၏ မဟာဗျူဟာယှဉ်ပြိုင်မှုရှုထောင့်ကသာ အရှေ့တောင်အာရှအား ရှုမြင်သည့် အတွေးအခေါ်ကိုဖယ်ရှားရမည်ဟုအဆိုပြုထားသည်။ Carnegie နိုင်ငံတကာငြိမ်းချမ်းရေးဖောင်ဒေးရှင်း (CEIP) မှ Evan Feigenbaum က အမေရိကန်ပါဝင်သောအဓိကအခန်းကဏ္ဍသည် “နုတ်ခြင်းနှင့်စားခြင်းမဟုတ်ဘဲပေါင်းခြင်းနှင့်မြောက်ခြင်းဖြစ်ရန်”အာရှတိုက်နိုင်ငံအများစုကမျှော်လင့်သည်ဟုအစောပိုင်းကပင်ဆိုခဲ့ပြီးဖြစ်သည်။

အစည်းအဝေးကာလအတွင်း၌ အမေရိကန်အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက “မိမိတို့သည် နိုင်ငံအသီးသီးကိုအမေရိကန်နှင့်တရုတ်ကြားတွင် ရွေးချယ်ခိုင်းနေခြင်းမဟုတ်”ဟုသတင်းထောက်များအားပြောကြားခဲ့သော်လည်းအစည်းအဝေးတက်ရောက်သည့် နိုင်ငံအသီးသီးခေါင်းဆောင်များကနည်းလမ်းမျိုးစုံဖြင့် မိမိတို့၏ရွေးချယ်ချက်ကိုအတည်ပြုလိုက်ပြီးဖြစ်သည်။ ယင်းသည် လွတ်လပ်မှုကိုရွေးချယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကိုရွေးချယ်ခြင်း၊ ဆွေးနွေးညှိနှိုင်းမှုကိုရွေးချယ်ခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကိုရွေးချယ်ခြင်း၊ ငြိမ်းချမ်းရေးကိုရွေးချယ်ခြင်းပင် ဖြစ်ပေသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.