Connect with us

Asia

သမ္မတဒူတာတေးက ၂ဝ၁ဝ ပြည့်နှစ်တွင်ဖြစ်ပွားခဲ့သော မနီလာဓားစာခံ ကိစ္စအတွက် တောင်းပန်

ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးအားတွေ့ ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ မနီလာ ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့အလည်အပတ်ရောက်ရှိနေသော ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက မနီလာမြို့၌ ၂ဝ၁ဝ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ဟောင်ကောင်ဒေသမှ ခရီးသွားများ ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး အသတ်ခံရသော ကိစ္စအပေါ် ဧပြီ ၁၂ ရက်တွင် တောင်းပန်လိုက်ကြောင်း သိရသည်။

ဟောင်ကောင်ရှိ ဖိလစ်ပိုင်လူမှုအသိုက်အဝန်းနှင့်တွေ့ဆုံစဉ် ဒူတာတေးက ဓားစာခံဖမ်းဆီးခံရသည့်ကိစ္စရပ်အား ဖိလစ်ပိုင်အစိုးရအနေဖြင့် တရားဝင်တောင်းပန်မှုတစ်ခု ပြုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လတွင်ဖြစ်ပွားခဲ့သော ဓားစာခံကိစ္စနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရားဝင် တောင်းပန်မှုမျိုး ပြုလုပ်ခဲ့ခြင်း မရှိသေးပါဘူး” ဟု ဒူတာတေးက ဆိုသည်။

“ ကျွန်တော့်ရင်ထဲကနေပြီး ဖိလစ်ပိုင်ပြည်သူတွေကိုယ်စား အခုချိန်မှာ တရားဝင်တောင်းပန်ပါရစေ” ဟု ဟောင်ကောင်၌ ဖိလစ်ပိုင်လူမှုအသိုက်အဝန်းနှင့်တွေ့ဆုံစဉ် ဒူတာတေးက ပြောကြားခဲ့သည်။

“ အဲဒီကိစ္စအတွက် ဝမ်းနည်းကြေကွဲရပါတယ်။ ပြီးတော့ ထိခိုက်နာကျင်ရပါတယ်။ အဲဒါမျိုး နောက်ထပ် ဘယ်တော့မှ မဖြစ်ပွားစေရပါဘူးလို့ကျွန်တော်ကတိပေးပါတယ်” ဟု ၎င်းက ဆိုသည်။

ဟောင်ကောင် ခရီးသွား ၂၁ ဦး တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ၂ဝ၁ဝ ပြည့်နှစ် သြဂုတ် ၂၃ ရက်တွင် အနုကြမ်းစီးခံရပြီး ၊ ခရီးသွားများမှာ ဓားစာခံများအဖြစ် ၁၁ နာရီကျော်ကြာ ဖမ်းဆီးခံထားရပြီးနောက် ၎င်းတို့အား ကယ်ဆယ်ရေးပြုလုပ်စဉ် ၈ ဦး အသက်သေဆုံးခဲ့ရသည်။

သမ္မတဒူတာတေးသည် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၌ ကျင်းပခဲ့သည့် ဘိုးအောက် ဖိုရမ်သို့တက်ရောက်ခဲ့ပြီးနောက် ဧပြီ ၁၂ ရက်တွင် ဟောင်ကောင်သို့၃ ရက်ကြာ အလွှတ်သဘောလည်ပတ်ရန် ရောက်ရှိခဲ့ကြောင်း သိရသည်။(Xinhua)