Asia
အိန္ဒိယ က ထိန်းချုပ်ထားသော ကက်ရှ်မီးယားတွင် ကားတစ်စီး မြစ်ထဲထိုးကျ၍ လူ ၁၁ဦးသေဆုံး

ကက်ရှ်မီးယား၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ က ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ ၌ မော်တော်ယာဉ်တစ်စီးသည် သြဂုတ် ၂၁ရက်တွင် တောင်ပေါ်လမ်းတစ်ခုတွင် လမ်းချော်ပြီး မြစ်တစ်စင်းအတွင်း ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၁၁ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုသည် အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ မြို့တော် Srinagarမြို့ တောင်ဘက် ၂၅၅ကီလိုမီတာ အကွာခန့် Kishtwar ခရိုင် ရှိ Noos Padyarna မြို့အနီးတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
Kishtwar ခရိုင် ဒုတိယရဲမင်းကြီး Angrez Singh Rana က ခရီးသည် ၁၂ဦး တင်ဆောင်လာသော မော်တော်ယာဉ် တစ်စီးသည် လမ်းချော်ကာ Noos Padyarna မြို့အနီး ရှိ Chenab မြစ်အတွင်းသို့ ပြုတ်ကျခဲ့ကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။
၎င်းက ရုပ်အလောင်း ၁၁လောင်းကို ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး အသက် ၅နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဒဏ်ရာများဖြင့် ကယ်ဆယ်နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။
Rana ၏ ပြောကြားချက်အရ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ကလေးငယ်အား ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
၎င်းက သေဆုံးသူ ၁၁ဦးအနက် ၅ဦးမှာ အမျိုးသမီးများဖြစ်ပြီး ၆ဦးမှာ အမျိုးသားများဖြစ်ကြောင်း နှင့် ၎င်းတို့သည် Machail Mata ဘုရားကျောင်းသို့ သွားရောက်သည့် ဟိန္ဒူဘုရားဖူးများဖြစ်ကြောင်း ပြောကြားခဲ့သည်။
သြဂုတ် ၂၀ ရက်နေ့တွင်လည်း အဆိုပါခရိုင်၌ မြေပြိုမှုကြောင့် မော်တော်ယာဉ်တစ်စီး ပိမိကာ လူ ၇ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ယာဉ်မတော်တဆမှုများသည် ယာဉ်မဆင်မခြင်မောင်းနှင်မှုနှင့် လမ်းများ၊ မော်တော်ယာဉ်များ အခြေအနေ ယိုယွင်းနေခြင်းတို့ကြောင့် အများဆုံးဖြစ်ပွားတတ်ကြောင်း သိရသည်။ (Xinhua)