Asia
အိန္ဒိယတွင် လက်နက် သိုလှောင်ရုံ မီးလောင်မှုကြောင့် စစ်သား ၁၇ ဦး သေဆုံး
နယူးဒေလီ၊ မေ ၃၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် မေလ ၃၁ ရက်က စစ်တပ် လက်နက် သိုလှောင်ရုံ တစ်ခုတွင် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ အနည်းဆုံး စစ်သား ၁၇ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အဆင်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
၎င်းက Maharashtra ပြည်နယ်အတွင်း Pulgaon မြို့ရှိ အိန္ဒိယ၏ အကြီးဆုံး လက်နက် သိုလှောင်ရုံ တစ်ခုဖြစ်သော ဗဟိုလက်နက် သိုလှောင်ရုံတွင် နံနက် ၁ နာရီက မီးလောင်မှု စတင် ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှု နောက်ဆက်တွဲ အဖြစ် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကာ အခြား နေရာများသို့ လျင်မြန်စွာ မီးကူးဆက်ခဲ့ကြောင်း၊ မီးလောင်ကျွမ်းနေသည့် အလောင်း ၁၇ လောင်းကို ရှာဖွေ တွေ့ရှိခဲ့ကြောင်းနှင့် သေဆုံးသူများတွင် အဆင့်မြင့် စစ်တပ် အရာရှိ ၂ ဦး ပါဝင်ကြောင်း ပြောကြားခဲ့သည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများထဲတွင် အခြေအနေ ဆိုးရွားသူများ ပါရှိနေ၍ သေဆုံးသူ ဦးရေ တိုးလာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပြည်တွင်း ရုပ်သံလိုင်းများက မီးတောက်လောင်နေမှုများနှင့် မီးငြိမ်းသတ်ရန် မီးသတ် ဝန်ထမ်းများစွာ၏ ကြိုးစား အားထုတ်နေမှုများကို ထုတ်လွှင့် ပြသခဲ့ပြီး မီးလောင်မှု ဖြစ်ပွားရာ အနီးအနား ရှိ ရွာများမှ လူပေါင်း ၁,၀၀၀ ခန့်ကိုလည်း နေရာ ပြောင်းရွှေ့ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။
မီးလောင်မှု အကြောင်းအရင်းကို မသိရှိသေးသော်လည်း အဆိုပါ ဖြစ်ရပ်အား အထူးဂရုစိုက် စုံစမ်း စစ်ဆေးရန် ညွှန်ကြားထား ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)