Asia
အိန္ဒိယနိုင်ငံ မြစ်အတွင်းသို့ ကားတစ်စီးပြုတ်ကျ၊ လူ ၈ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်းပြည်နယ်၌ မြစ်အတွင်းသို့ ခရီးသွား ကားတစ်စီး ပြုတ်ကျခဲ့ရာအနည်းဆုံး လူ ၈ ဦး သေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
အဆိုပါ ဂျစ်ကားသည် ဂျာခန်းပြည်နယ် မြို့တော် ရန်ချီ၏ အရှေ့မြောက်ဘက် ၃၁၃ ကီလိုမီတာခန့်အကွာက ဒမ်ကာခရိုင်ရှိ မြစ်အတွင်းသို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
“အဲဒီဂျစ်ကားမှာ လူ ၁၀ ယောက်စီးလာတာဖြစ်ပြီး ဒီနေ့မနက်အစောပိုင်းက မြစ်ထဲကို ပြုတ်ကျသွားခဲ့တာပါ။ လူ ၈ ယောက်သေသွားပြီးတော့ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဒမ်ကာခရိုင်ရှိ ရဲအရာရှိ Kishore Kaushal က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ထားကြောင်းနှင့် သေဆုံးသူ ရုပ်အလောင်းများနှင့် ဂျစ်ကားအား ပြန်လည်ဆယ်တင်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း Kaushal က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှုများသည် ဝန်ပိုတင်ဆောင်ခြင်း၊ လမ်းများနှင့် ယာဉ်မောင်းများ၏ မဆင်မခြင် မောင်းနှင်မှုများကြောင့် အများဆုံးဖြစ်ပွားရကြောင်း သိရသည်။
မကြာသေးမီက ထုတ်ပြန်ထားသည့် တရားဝင် အစီရင်ခံစာတစ်ခုအရ အိန္ဒိယနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း နေ့စဉ် ယာဉ်တိုက်မှုကြောင်း လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)