Asia
အိန္ဒိယနိုင်ငံ၌ မုန်တိုင်းဒဏ်ကြောင့် လူ ၈၇ ဦးသေဆုံး ၊ ၁၃၆ ဦးဒဏ်ရာရ
နယူးဒေလီ ၊ မေ ၁၅ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၌ မုန်တိုင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့မှုကြောင့် အနည်းဆုံး လူပေါင်း ၈၇ ဦးသေဆုံးပြီး ၁၃၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက မေလ ၁၄ ရက်တွင်ပြောကြားခဲ့သည်။
အဆိုပါမုန်တိုင်းဒဏ်ကို အူထရာပရာဒက်ရှ် (Uttar Pradesh) ပြည်နယ်တွင်အများဆုံး ခံစားခဲ့ရပြီး သေဆုံးသူ ၅၂ ဦးထိ ရှိခဲ့သည်။
“ အူထရာပရာဒက်ရှ်မှာ ၅၂ ဦး ၊ အနောက်ဘန်ဂေါမှာ ၁၂ ဦး ၊ အန်ထရာပရာဒက်ရှ်မှာ ၁၃ ဦး ၊ ဘီဟာမှာ ၅ ဦး ၊ တီလန်ဂါနာမှာ ၃ ဦး နဲ့မြို့တော် ဒေလီမှာ ၂ ဦး အသီးသီးသေဆုံးခဲ့ပါတယ် ” ဟု အိန္ဒိယအစိုးရပိုင် All India ရေဒီယိုတွင် ဖော်ပြခဲ့သည်။
မုန်တိုင်းဒဏ်သင့်သော ပြည်နယ်များတွင် ဒဏ်ရာရသူပေါင်း ၁၃၆ ဦး ရှိကြောင်း ဒေသတွင်းသတင်းအေဂျင်စီက ဆိုသည်။
မုန်းတိုင်သည် မေလ ၁၃ ရက် ညပိုင်းတွင် စတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး သစ်ပင်ကြီးများအမြစ်မှ ကျွတ်ထွက်ခြင်း ၊ မီးတိုင်များ လဲပြိုခြင်း နှင့် မီးအားမြှင့်စက်များ ပျက်စီးခြင်း တို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသည် အိန္ဒိယနိုင်ငံ ရှိမြို့ကြီးများ နှင့် မြို့ပြင် ဧရိယာများကို တစ်နာရီလျှင် ၁ဝ၉ ကီလိုမီတာ နှုန်းဖြင့် တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာနမှ အရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ သတင်းက ဆိုသည်။
၎င်းမုန်တိုင်းသည် လာမည့် ၄၈ နာရီ မှ ၇၂ နာရီအတွင်း နိုင်ငံ အနောက်မြောက်ပိုင်းဒေသကို ဖြတ်ကျော်တိုက်ခတ်သွားမည်ဟု မျှော်လင့်ရကြောင်း မိုးလေဝသဌာန အရာရှိတစ်ဦးက ဆိုသည်။
ပြီးခဲ့သောရက်သတ္တပတ်က အူထရာပရာဒက်ရှ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းကြီး နှင့် မိုးကြိုးပစ်ခြင်းကြောင့် လူ ၁၈ ဦးသေဆုံးခဲ့ရသည်။
ယခုလအစောပိုင်းကလည်း အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်အချို့တွင် သဲမုန်တိုင်းများကြောင့် လေပြင်းတိုက်ခတ်ခြင်း ၊ မိုးကြိုးပစ်ခြင်း များဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၂၄ ဦးသေဆုံးကာ ၃ဝဝ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)