Connect with us

Australia / Oceania

လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အဆင့်မြှင့်ခြင်းသည် ပူးပေါင်းဆောင်ရွက်မှုအခွင့်လမ်းသစ်များကို ဆောင်ကြဉ်းလျက်ရှိ

တရုတ်နိုင်ငံရှန်ဟိုင်းမြို့လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်၏ မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

အော့ကလန်၊နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင့်ရေးကော်မတီ(CCPIT)နှင့် နယူးဇီလန် တရုတ်ကုန်သွယ်ရေးအသင်းတို့မှ ကြီးမှူးကျင်းပသော တရုတ် – နယူးဇီလန် စီးပွားရေးကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက်က အော့ကလန်တွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပါဝင်တက်ရောက်ဆွေးနွေးခဲ့သော တရုတ်၊နယူးဇီလန် နှစ်နိုင်ငံ စီးပွားရေး အသိုက်အဝန်းမှ ကိုယ်စားလှယ်များက တရုတ်-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် အဆင်မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေးမှု အောင်မြင်စွာပြီးဆုံးခဲ့ရာ အခြေခံစက်မှုလုပ်ငန်းနှင့် E-commerce စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအခွင့်လမ်းသစ်များ များပြားလာကြောင်း ၊ ဘက်စုံကုန်သွယ်ရေးစနစ်ကို နှစ်နိုင်ငံအတူ ထိန်းသိမ်းကာကွယ်သင့်ကာ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်သွားပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေရန် ဖော်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။ 

CCPIT ဥက္ကဋ္ဌ ကောင်းယန့်(Gao Yan)က လက်ရှိ တရုတ်-နယူးဇီလန် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်စွာ ဖွံ့ဖြိုးလျက်ရှိရာ ကိန်းဂဏန်းများအရဆိုရလျှင် နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည် ၂၀၁၈ ခုနှစ် တွင် စံချိန်တင်  အမေရိကန် ဒေါ်လာ ၁၆.၉ ဘီလီယံ ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် နယူးဇီလန်နိုင်ငံ၏ ပထမအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ပထမအကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်သလို ဒုတိယအကြီးဆုံး သွင်းကုန်အရင်းအမြစ်လည်း ဖြစ်ကြောင်း ၊ အဆင့်မြှင့်တင်ထားသော လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းနှင့်အတူ နှစ်နိုင်ငံကုန်သွယ်စီးပွားဆက်ဆံရေးသည် ထပ်တိုးနက်ရှိုင်းကာ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ပိုမို ပြည့်စုံလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နယူးဇီလန် ကုန်သွယ်မှုဖွံ့ဖြိုးရေးဦးစီးဌာန၊ ရင်းနှီးမြုပ်နှံမှုဌာန  တာဝန်ခံအရာရှိ Dylan Lawrenceက လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် အဆင့်မြှင့်တင်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးစေ၇◌န် အခွင့်အလမ်းအသစ်များ ဖန်တီးပေနိုင်မည်ဖြစ်ရာ  အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်တိုးမြှင့်ကာ အားသာချက်များကအပြန်အလှန်ဖလှယ်ဖြည့်စွက်ကာ ဘုံအကျိုးစီးပွားကို တွန်အားပေး ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့် ကြောင်း  ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံသည် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် အဆင့်မြှင့်တင်မှုဆိုင်ရာ ဆွေးနွေးပွဲကို  နိုဝင်ဘာ ၄ ရက်က အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆွေးနွေးမှုတွင် မူလရှိ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်ပူးပေါင်းဆောင်ရွက်မှု၊ မူရင်းထုတ်ကုန်စ္စည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် နည်းပညာဆိုင်ရာ ကုန်သွယ်မှုအခက်အခဲများ စသည့်ကဏ္ဍများတွင် အဆင့်မြှင့်ဆောင်ရွက်မှုများ ပါရှိပြီး ထပ်တိုးအကြောင်းအရာအဖြစ် E-commerce၊ ပတ်ဝန်းကျင်နှင့် ကုန်သွယ်ရေး ၊ ယှဉ်ပြိုင်မှုဆိုင်ရာမူဝါဒများနှင့် Government Procurement စသည့်တို့ပါရှိကြောင်း သိရသည်။ (Xinhua)