Connect with us

Europe

ပျောက်ဆုံးသတင်းသမားကိစ္စနှင့်ပတ်သက်၍ တူရကီ နှင့် ဆော်ဒီ ခေါင်းဆောင်တို့ဖုန်းဆက်ဆွေးနွေး

တူရကီနိုင်ငံသမ္မတ အာဒိုဂန်(ယာ) နှင့် ဆော်ဒီနိုင်ငံ ဘုရင်ဆော်လ်မန်ဘင်အဗ္ဗဒူလာဇစ်(ဝဲ) တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံသမ္မတ အာဒိုဂန် နှင့် ဆော်ဒီနိုင်ငံဘုရင် ဆော်လ်မန်ဘင်အဗ္ဗဒူလာဇစ် တို့သည် အောက်တိုဘာ ၁၄ ရက် နှောင်းပိုင်းက ဆော်ဒီသတင်းသမား Jamal Khashoggi ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

ထိုသို့ဖုန်းပြောစဉ် နှစ်နိုင်ငံခေါင်းဆောင်တို့သည် အချင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရေး ပူးတွဲအလုပ်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွားရန် အရေးပါပုံကို ဆွေးနွေးခဲ့ကြကြောင်း တူရကီသမ္မတ နှင့်နီးစပ်သော သတင်းအရင်းအမြစ်ကို ကိုးကား၍ သတင်းက ဆိုသည်။

ဆော်ဒီဘုရင်ဆော်လ်မန်ကလည်း ဆော်ဒီနိုင်ငံအနေဖြင့် တူရကီနိုင်ငံနှင့်ဆက်ဆံရေးခိုင်မာရန် အတည်ပြုကြောင်းပြောကြားခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မည်သူမျှ အားလျော့သွားအောင် လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဆွေးနွေးမှုအပြီးတွင် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၏ တွစ်တာလူမှုကွန်ရက်ပေါ်၌ ရေးသားဖော်ပြခဲ့သည်။

ဝါရှင်တန်ပိုစ့်သတင်းစာတွင် အလုပ်လုပ်နေသော သတင်းသမား Khashoggi သည် တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီသံရုံးထဲသို့ဝင်ရောက်သွားခဲ့သည့် အောက်တိုဘာ ၂ ရက် မှစတင်ကာ ပျောက်ဆုံးလျှက် ရှိနေသည်။

Khashoggi အနေဖြင့် သံရုံးဝင်းအတွင်း အသတ်ခံရဖွယ်ရှိကြောင်း အတည်မပြုနိုင်သောသတင်းက ဆိုပြီး ယင်းစွပ်စွဲချက်ကို ဆော်ဒီတာဝန်ရှိသူများက အခြေအမြစ်မရှိကြောင်း ငြင်းဆိုထားသည်။

အာဒိုဂန်က ဆော်ဒီအာရေးဗီးယားအား Khashoggi နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရန် တိုက်တွန်းထားပြီး သံရုံးဝင်းအတွင်း Khashoggi ဝင်ရောက်ခဲ့ပြီးနောက် ပြန်ထွက်သွားသည်ကို ဆော်ဒီနိုင်ငံအနေဖြင့် သက်သေပြသင့်ကြောင်း ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် ဆော်ဒီကိုယ်စားလှယ်အဖွဲ့တစ်ခုသည် အောက်တိုဘာ ၁၂ ရက်က တူရကီနိုင်ငံသို့ရောက်ရှိခဲ့ကြောင်း ၊ ယင်းနောက်တွင်ဆော်ဒီဘုရင်၏ မေတ္တာရပ်ခံချက်အရ တူရကီ-ဆော်ဒီ စုံစမ်းစစ်ဆေးရေး ပူးတွဲ အဖွဲ့တစ်ခုကို ဖွဲ့စည်းရန် တူရကီသမ္မတပြောရေးဆိုခွင့်ရှိသူ က ထုတ်ပြန်ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.