Connect with us

Europe

ဗြိတိန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုး လက်တွေ့ထိုးနှံအသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသတင်းကြေညာမှုတစ်ခုကို ဒီဇင်ဘာ ၂ ရက်က ကွန်ပြူတာ ဖန်သားပြင်ပေါ်မှတစ်ဆင့် တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဂျာမနီ BioNTech ကုမ္ပဏီနှင့် အမေရိကန် Pfizerကုမ္ပဏီတို့ ပူးပေါင်း သုတေသနပြုထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးကို လက်တွေ့ထိုးနှံအသုံးပြုရန် ဗြိတိန် ဆေးဝါးနှင့်ကျန်းမာရေးထုတ်ကုန် ပစ္စည်းများ ကြီးကြပ်ကွပ်ကဲရေး အေဂျင်စီ (MHRA) က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံ အစိုးရက ဒီဇင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။

၎င်းမှာ ဗြိတိန်၏ပထမဆုံး အသုံးပြုရန် ခွင့်ပြုချက်ရရှိသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးဖြစ်ကြောင်း သိရသည်။

လာမည့်အပတ်မှစ၍ ဗြိတိန်နိုင်ငံရှိ ဒေသအသီးသီးတွင် ကာကွယ်ဆေး ထိုးနှံရန် ဗြိတိန်အစိုးရက စီစဉ်ထားပြီး ဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်း၊ အသက် ၈၀ နှင့်အထက် သက်ကြီးရွယ်အိုများ၊ ရောဂါတိုက်ဖျက်ရေး ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆေးဝန်ထမ်းနှင့် လူမှုဝန်ထမ်းများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း နှင့် ယင်းနောက်တွင် အသက်အရွယ်နှင့်ကူးစက်မှုအန္တရာယ်အခြေအနေအရ အစဉ်အတိုင်း အခြားသူများကို ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးကို လာမည့်အပတ်တွင် စတင်ထိုးနှံပေးမည်ဖြစ်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်မှာ လာမည့်နှစ်အထိ အချိန်ယူရမည်ဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးMatt Hancock က ယင်းနေ့တွင် ပြောကြားခဲ့သည်။

ဂျာမနီ ဇီဝနည်းပညာ ကုမ္ပဏီ BioNTechနှင့် အမေရိကန် Pfizer ဆေးကုမ္ပဏီသည် နိုဝင်ဘာလက အဆိုပါ ကာကွယ်ဆေး တတိယအဆင့် လက်တွေ့စမ်းသပ်မှု ကိန်းဂဏန်းအချက်အလက်များကို ထုတ်ပြန်ခဲ့ရာတွင် ကာကွယ်ဆေး၏ထိရောက်မှုသည် ၉၀ ရာခိုင်နှုန်းကျော်ထိ ရှိခဲ့ကြောင်း သိရသည်။

သို့သော် ယင်းကာကွယ်ဆေးကို အပူချိန် သုညအောက် ၇၀ ဒီဂရီစင်တီဂရိတ်တွင် ထိန်းသိမ်းထားရန် လိုအပ်ရာ အအေးခန်းဖြင့် ကာကွယ်ဆေးပံပိုးမှုကွင်းဆက် (Cold Chain Logistics)သည် နိုင်ငံများစွာအတွက် ကာကွယ်ဆေး သိုလှောင်ခြင်း၊ ဖြန့်ဝေခြင်းနှင့် ထိုးနှံပေးခြင်းများတွင် အခက်အခဲဖြစ်စေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.