Europe
ဘရာဇီးနှင့် အာဂျင်တီးနားမှ အသားတင်သွင်းမှု ရုရှား တားမြစ်

မော်စကို၊ ဇွန် ၇ ရက် (ဆင်ဟွာ)
ရုရှား လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ စောင့်ကြည့်ရေး လုပ်ငန်း Rosselkhoznadzor က ဘရာဇီး ကုမ္ပဏီမှ အသားစား၊ ဥစားကြက်၊ ဘဲများနှင့် အာဂျင်တီးနား စီးပွားရေး လုပ်ငန်း တစ်ခုမှ အမဲသားနှင့် အမဲသားဖြင့် ပြုလုပ် ထားသော စားသောက်ကုန်များ ရုရှားနိုင်ငံတွင်းသို့ တင်သွင်းခြင်းအား ဇွန်လ ၇ ရက်က တားမြစ်လိုက်ကြောင်း ရုရှား မီဒီယာက သတင်း တင်ပြထားသည်။
ဘရာဇီး ကုမ္ပဏီ JBS AVES LTDA နှင့် အာဂျင်တီးနား စီးပွားရေးလုပ်ငန်း Madeka S.A စသည်တို့မှ တင်သွင်းသည့် ကုန်စည်များ၌ အစာအဆိပ် ဖြစ်စေသော ဘက်တီးရီးယားပိုးများ တွေ့ရှိခြင်းကြောင့် ယခုလို တားမြစ်ရခြင်း ဖြစ်ကြောင်း အဆိုပါ စောင့်ကြည့်ရေး လုပ်ငန်းထံမှ သိရသည်။
လက်ရှိတွင် အသားစား၊ ဥစားကြက်၊ ဘဲများ တင်သွင်းရန် ဘရာဇီး ကုမ္ပဏီ ၅၈ ခုနှင့် အာဂျင်တီးနား ကုမ္ပဏီ ၇၄ ခုအား ရုရှားနိုင်ငံအတွင်းသို့ အသား တင်သွင်းခွင့် ပြုထားသော်လည်း ယင်းအနက် ကုမ္ပဏီ စုစုပေါင်း ၁၆ ခုမှာ ရုရှား တိရစ္ဆာန် ကျန်းမာရေး စံချိန်စံညွှန်း မကိုက်ညီသောကြောင့် တင်သွင်းခွင့် တားမြစ်ခြင်း ခံထားရ ကြောင်း သိရသည်။ (Xinhua)