Europe
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် မိုင်းတွင်း ပေါက်ကွဲမှုကြောင့် ၁ ဦး သေ၊ ၉ ဦး ပိတ်မိနေ
ယူကရိန်း၊ မေ ၅ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ Lugansk ဒေသတွင် အစိုးရ ဆန့်ကျင်ရေး သူပုန်အဖွဲ့က ထိန်းချုပ်ထားသည့် ကျောက်မီးသွေး တွင်း၌ မေလ ၄ ရက်က မီသိန်း ဓါတ်ငွေ့ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့၍ အနည်းဆုံး မိုင်းတွင်း အလုပ်သမား တစ်ဦး သေဆုံးပြီး ကိုးဦး ပိတ်မိနေကြောင်း သိရသည်။
သူပုန်အဖွဲ့၏ Lugansk ဒေသ သတင်းအချက် အလက် စင်တာက ပေါက်ကွဲမှု သည် Lugansk ဒေသ အနောက်ဘက် ၆၅ ကီလိုမီတာ အကွာခန့်ရှိ Maloivanovskaya မိုင်းတွင်း ၌ ဒေသစံတော်ချိန် ညနေ ၅း၁၅ နာရီ တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါ မိုင်းတွင်း၌ မိုင်းလုပ်သား ၂၀ ဦး မြေအောက်၌ အလုပ်လုပ်နေကြောင်း ပြောကြားခဲ့သည်။
ပေါက်ကွဲမှုသည် မြေအောက် မီတာ ၂၀၀ တွင် ဖြစ်ပွားခဲ့ပြီး မိုင်းလုပ်သား ၆ ဦး အထိအခိုက်မရှိ လွတ်မြောက် ခဲ့ကာ အခြားလေးဦးမှာ မီးလောင်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဆေးရုံသို့ ပိုဆောင်ထားကြောင်း သိရသည်။
အဆိုပါနေ့ ညပိုင်းတွင် Lugansk ဒေသ၌ သူပုန်အစိုးရ အဖွဲ့၏ ကျန်းမာရေး ဝန်ကြီး Larysa Aerapetyan ရောက်ရှိလာခဲ့ပြီး မိုင်းအတွင်း မီသိန်း ဓါတ်ငွေ့ ပါဝင်မှု မြင့်မားနေသည့် အတွက် ပိတ်မိနေသည့် မိုင်းလုပ်သားများ အတွက် အသက်ရှင် ကျန်ရစ်ရန် အခွင့်အလမ်း နည်းပါးကြောင်း ပြောကြားခဲ့သည်။
ယူကရိန်း နိုင်ငံတွင် ရက်လွန် ကိရိယာများ အသုံးပြုမှုနှင့် ဘေးကင်းလုံခြုံမှု သတ်မှတ်ချက်များ အားနည်း နေသည့် အတွက် မိုင်းတွင်း မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)