Connect with us

Europe

လေဘာပါတီမှ မွတ်စလင်လူမျိုး တစ်ဦး လန်ဒန် မြို့တော်ဝန် ဖြစ်လာ

လန်ဒန်မြို့၏ ပထမဆုံး အစ္စလမ်ဘာသာဝင် မြို့တော်ဝန် ဖြစ်လာသူ Sadiq Khan အားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန် ၊ မေ ၇ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လေဘာပါတီမှ ဆာဒစ်ခန်း (Sadiq Khan) သည် လန်ဒန် မြို့တော်ဝန် အဖြစ် ရွေးချယ် ခံရသဖြင့် ၎င်းသည် လန်ဒန်မြို့၏ ပထမဆုံး အစ္စလမ်ဘာသာဝင် မြို့တော်ဝန် တစ်ဦး ဖြစ်လာမည်ဟု မေလ ၇ ရက် နံနက်ပိုင်းက ထုတ်ပြန်သည့် တရားဝင် မဲစာရင်း ရလဒ်များအရ သိရသည်။

အသက် ၄၅ နှစ်အရွယ်ရှိ ခန်းသည် ပြိုင်ဘက် ကွန်ဆာဗေးတစ် ပါတီမှ ဇက်ဂိုးစမစ် ( Zac Goldsmith ) အား မေလ ၅ ရက်တွင် ကျင်းပသည့် မြို့တော်ဝန် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ခန်းသည် Ken Livingstone နှင့် Boris Johnson တို့နောက် တတိယမြောက် လန်ဒန်မြို့တော်ဝန် အဖြစ် တိုက်ရိုက် ရွေးချယ်ခန့်အပ်ခြင်း ခံရသူ တစ်ဦးဖြစ်လာမည် ဖြစ်သည်။
ခန်း၏ အောင်မြင်မှု အတွက် လေဘာပါတီ ခေါင်းဆောင် Jeremy Corbyn က တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ဂုဏ်ပြုစကား ဆိုခဲ့ပြီး လန်ဒန် မြို့သား အားလုံးအတွက် တရားမျှတမှုကို ဖန်တီးပေးမည့် ခန်း၏ စွမ်းဆောင်ချက်များကို မစောင့်ဆိုင်း နိုင်လောက်အောင် ဖြစ်နေကြောင်း ချီးကျူးထားသည်။
ခန်းအား မမွေးဖွားမီ လပိုင်းအလို ၁၉၆ဝ ပြည့်နှစ်များတွင် ၎င်း၏ မိဘနှစ်ပါးသည် ပါကစ္စတန် နိုင်ငံမှ အင်္ဂလန် နိုင်ငံသို့ပြောင်းရွှေ့ အခြေစိုက် လာကြသူများ ဖြစ်သည်။ ခန်းသည် ဥပဒေ ဘာသာရပ်ကို လန်ဒန် မြောက်ပိုင်း တက္ကသိုလ်တွင် သင်ယူခဲ့ပြီး နိုင်ငံရေး လောကသို့မဝင်ရောက်မီ လူ့အခွင့်အရေး အကျိုးဆောင် ရှေ့နေတစ်ဦး အဖြစ် လုပ်ကိုင်ခဲ့သည်။
လန်ဒန်တွင်မွေးဖွားခဲ့သော ခန်းသည် ၂ဝဝ၅ ခုနှစ်ကတည်းက လန်ဒန် မဲဆန္ဒနယ်၏ လွှတ်တော် အမတ်တစ်ဦး ဖြစ်လာခဲ့သည်။
ခန်းသည် ၂ဝဝ၉ ခုနှစ် မှ ၂ဝ၁ဝ ပြည့်နှစ်အထိ ပြည်နယ် ပို့ဆောင်ရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ် ဂေါဒန်ဘရောင်း၏ လေဘာ အစိုးရအဖွဲ့တွင် ပထမဆုံး အစ္စလမ် ဘာသာဝင် ဝန်ကြီးတစ်ဦး ဖြစ်လာသည်။ ထို့ပြင် ၎င်းသည် ၂ဝ၁ဝ ပြည့်နှစ် မှ ၂ဝ၁၅ ခုနှစ် အတွင်း လေဘာပါတီ၏ ပို့ဆောင်ရေး နှင့် တရားရေးဌာန အတွင်းရေးမှူး အဖြစ် တာဝန်ယူ ခဲ့သည်။
လန်ဒန် မြို့တော်ဝန် ရာထူးကို ၁၉၉၈ ခုနှစ်တွင် ကျင်းပခဲ့သည့် လန်ဒန် လူထုဆန္ဒခံယူပွဲ နောက်တွင် စတင် ရွေးချယ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် Ken Livingstone သည် ၂ဝဝဝ ပြည့်နှစ်တွင် လန်ဒန်၏ ပထမဆုံး မြို့တော်ဝန် ဖြစ်လာသည်။ ၎င်းသည် ၂ဝဝ၈ ခုနှစ်မြို့တော်ဝန် ရွေးချယ်ပွဲတွင် ပြိုင်ဘက် ကွန်ဆာဗေးတစ် ပါတီမှ Boris Johnson အား ရှုံးနိမ့် ခဲ့သည်။ ဂျွန်ဆင်၏ မြို့တော်ဝန် သက်တမ်းသည် ၂ဝ၁၆ ခုနှစ် မေလ အထိဖြစ်သည်။ လန်ဒန်မြို့၏ လူဦးရေသည် ၈.၆ သန်းရှိပြီး ၎င်းတွင် အစ္စလမ် ဘာသာဝင် ဦးရေ တစ်သန်းကျော် ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.