Connect with us

Europe

လူမည်းအမျိုးသားအား ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ တရားစွဲဆိုခံရ၊ ပြင်သစ် ရဲဘက်ဆိုင်ရာ ဥပဒေမူကြမ်းအပေါ် အငြင်းပွားမှု ဖြစ်ပွား

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် အမျိုးသားတစ်ဦးက ဆန္ဒပြမှုအတွင်း မီးရှို့ခံရသည့် မော်တော်ယာဉ်အရှေ့၌ ဓါတ်ပုံရိုက်နေသည်ကို နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ပြင်သစ် ရဲတပ်ဖွဲ့ဝင် ၄ ဦးသည် မြို့တော်ပါရီတွင် လူမည်းအမျိုးသား တစ်ဦးအား ရိုက်နှက်ခဲ့သည်ဟု သံသယရှိသဖြင့် နိုဝင်ဘာ ၃၀ ရက်က တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။ အဆိုပါ ရိုက်နှက်မှု နှင့် ပြင်သစ် ရဲဘက်ဆိုင်ရာ ဥပေဒစိုးမိုးရေး ဥပဒေမူကြမ်းကြောင့် ပြီးခဲ့သည့်ရက်များက ပြင်သစ်နိုင်ငံတွင် ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များအား တရားစွဲဆိုခြင်း

ပါရီမြို့တရားသူကြီး တစ်ဦးက ယင်းဖြစ်ရပ်နှင့်စပ်လျဉ်းသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးအား အခွင့်အာဏာနှင့်ရာထူးတာဝန်ကိုအသုံးပြု၍ တစ်ပါးသူအား တိုက်ခိုက်မှုဖြင့် နိုဝင်ဘာ ၃၀ ရက်က တရားစွဲဆို ခဲ့ကြောင်း သိရသည်။တရားစီရင်ရေးစနစ်ရှိ သတင်းအရင်းအမြစ်က AFP သတင်းဌာနကို ပြောကြားချက်အရ ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ကျန် ၂ ဦးမှာ ပြန်လွှတ်ပေးနိုင်မည့် အနေအထားရှိကြောင်း သိရသည်။

အရိုက်နှက်ခံရသော တေးသံသွင်းပိုင်ရှင် Michel Zecler ၏ ပြောကြားချက်များအရ ၎င်းသည် နိုဝင်ဘာ ၂၁ ရက် ညနက်ပိုင်းက အိမ်ပြင်ထွက်စဉ် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်ဖြစ်သည့် နှာခေါင်းစည်းတပ်ရန် ပျက်ကွက်ခဲ့ကြောင်း ၊ ရဲကားကို မြင်ပြီးနောက် ၎င်း၏ ရုံးခန်းသို့ အလျင်အမြန် ပြေးဝင်ခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့ဝင်များက အနောက်မှလိုက်လာပြီး ရုံးခန်းရှေ့တွင် ၎င်းအား ၅ မိနစ်ကြာ ရိုက်နှက်ခဲ့ကြောင်း ဆိုခဲ့သည်။စောင့်ကြည့် ကင်မရာများမှရိုက်ကူးမိသည့် ယင်းဖြစ်စဉ်ကို ပြီးခဲ့သည့်အပတ်က ပြင်သစ်နိုင်ငံ ဝဘ်ဆိုက် ၁ ခု တွင် ထုတ်ဖော်ပြသခဲ့ရာ ပြည်သူလူထုက အမျက်ဒေါသထွက်ခဲ့ကြသည်။ “Zeclerရိုက်နှက်ခံရမှုက ကျွန်တော်တို့ရဲ့ ရှက်ရွံ့ဖွယ်ပါ”ဟု ပြင်သစ် သမ္မတ မက်ခရွန်က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အငြင်းပွားဖွယ် ဥပဒေမူကြမ်း

အကယ်၍ ရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုံခြုံရေးဥပေဒမူကြမ်းကို အတည်ပြုလိုက်ပါက ၎င်းဥပဒေရှိ ပုဒ်မ ၂၄ အရ “Zeclerရိုက်နှက်ခံရမှု”သည် ပေါ်ထွက်လာဖွယ်မရှိဟု ပြင်သစ်နိုင်ငံ သုံးသပ်သူအချို့က ဆိုသည်။

အဆိုပါ လုံခြုံရေး ဥပဒေမူကြမ်းသည် ပြင်သစ် အောက်လွှတ်တော်တွင် သဘောတူပြီးဖြစ်ပြီး စိစစ်ရန် အထက်လွှတ်တော်ကို တင်ပြတော့မည်ဖြစ်ကြောင်း သိရသည်။ ဥပဒေမူကြမ်း ပုဒ်မ ၂၄ အရ ရဲတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် တမင်ရည်ရွယ်၍ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်၏ပုံရိပ်ကို ဖြန့်ချိခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ထည့်သွင်း ရေးသားထားကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဆန္ဒပြသူများက မှောက်လှန်ထားသည့် မော်တော်ယာဉ်တစ်စီးအား နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းပုဒ်မအပေါ် အငြင်းပွားမှုများဖြစ်ပွားနေစဉ် အတွင်း ယခုကဲ့သို့ “Zeclerရိုက်နှက်ခံရမှု” ထပ်မံ ပေါ်ပေါက်လာသည့်အတွက် ပြင်သစ်နိုင်ငံ မြို့ပေါင်း ၇၀ တွင် နိုဝင်ဘာ ၂၈ ရက်က ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာ ပါဝင်သူစုစုပေါင်း ၁ သိန်း ၃ သောင်းကျော် ရှိကြောင်း သိရသည်။ ပါရီမြို့တွင် ပါဝင်ဆန္ဒပြသူ ၄၆,၀၀၀ ရှိရာ အချို့ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။ အချင်းဖြစ်ပွားပြီးနောက်တစ်ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ဆန္ဒပြသူ ၈၁ ဦး ဖမ်းဆီးထားကြောင်းနှင့် ရဲတပ်ဖွဲ့ဝင် ၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မက်ခရွန်က နိုဝင်ဘာ ၃၀ ရက်တွင် ဝန်ကြီးများ၊လွှတ်တော်ထိပ်တန်းခေါင်းဆောင်များအား အစည်းအဝေးခေါ်ယူ၍ ရဲတပ်ဖွဲ့နှင့်ပြည်သူများအကြား ယုံကြည်မှု အမြန်ဆုံး ပြန်လည်တည်ဆောက်ရန် အကြံပြုရေး ဆွေးနွေးခဲ့ကြောင်း ပြင်သစ်အစိုးရ သတင်းအရင်းအမြစ်များက ဆိုသည်။

လုံခြုံရေးဥပဒေသစ်နှင့်ပတ်သက်ပြီး ပြင်သစ် ပြည်ထဲရေးဝန်ကြီး Gérald Darmaninအား လွှတ်တော် ကော်မတီတစ်ရပ်က နိုဝင်ဘာ ၃၀ ရက် ညပိုင်းတွင် ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။ အစိုးရအနေဖြင့် သီးခြားအဖွဲ့ဖွဲ့စည်းကာ လုံခြုံရေးဥပဒေမူကြမ်း ပုဒ်မ ၂၄ ကို ပြန်လည်ရေးဆွဲမည်ဟု ပြင်သစ် ဝန်ကြီးချုပ် Jean Castexက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.