Europe
သြစတြီးယား ကုန်သည်ကြီးများအသင်းက အမေရိကန်၏ ကိုယ်ကျိုးစီးပွားကာကွယ်မှုမူဝါဒကို ဝေဖန်ပြောဆို
ဗီယင်နာ ၊ မတ်လ ၂၉ရက်(ဆင်ဟွာ)
အမေရိကန်၏ ကိုယ်ကျိုးစီးပွားကာကွယ်မှုမူဝါဒများက နိုင်ငံတကာ စီးပွားရေး ဆက်ဆံရေးကို ဆိုးဝါးစေသလို အီးယူနိုင်ငံများကိုလည်း ဂယက်ရိုက်ခတ်သည်ဟု သြစတြီးယားကုန်သည်ကြီးများအသင်း၏ ဒုတိယ ဥက္ကဋ္ဌ Christoph Matznetterက ဆိုသည်။
ထို့အပြင် ၎င်းက ယခုရက်ပိုင်းများတွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ၏ အကြီးအကဲဖြစ်သူ Christine Lagarde ကလည်း ကုန်သွယ် ရေးစစ်ပွဲတွင် နိုင်သူမရှိ ၊ G20 မူဝါဒရေးရာ ချမှတ်သူများက ပူးပေါင်း ၍ ကုန်သွယ်ရေးအတားအဆီးများ လျှော့ကျသွားစေရန်ဆောင်ရွက်ရမည်ဖြစ်သလို ကိုယ်ကျိုးစီးပွားကာကွယ်မှု မူဝါဒများ ထပ်မံတိုးမြှင့် ဆောင်ရွက်ခြင်းကို ကြိုတင်ကာကွယ်နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်သည်ဟု တိုက်တွန်း နှိုးဆော်ထားကြောင်း ဆိုသည်။
Christine Lagarde၏ တိုက်တွန်းနှိုးဆော်ချက်မှာ ထရန့်အစိုးရ၏ လုပ်ဆောင်ပုံများကို ဦးတည်ပြောဆိုနေခြင်း ဖြစ်ကြောင်း ၊ အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းစသည့် ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်၏ အဓိကအားပေးထောက်ခံသည့်နိုင်ငံဖြစ်သော်လည်း ယခုအခါတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း၏စည်းမျဉ်း စည်းကမ်းများကို ဆန့်ကျင်ချိုးဖောက်နေရာ ဘက်ပေါင်းစုံ၏အကျိုးအမြတ်ကို ထိခိုက်စေကြောင်း ၊ ကုန်သွယ် ရေးဆက်ဆံမှု ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်နေသည့်နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းက အီးယူအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း Christoph Matznetterက ဆိုသည်။
ပြီးခဲ့သောနှစ်ကုန်ပိုင်းက Christoph Matznetterသည် သြစတြီးယားလူမှုဒီမိုကရက်တစ်ပါတီ၏ကိုယ်စားလှယ် အနေဖြင့် ပေကျင်းမြို့တွင်ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီထိပ်သီးဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။ ထိုအကြိမ်တွေ့ဆုံဆွေးနွေးပွဲတွင် Christoph Matznetterက တရုတ်နိုင်ငံ၏ နိုင်ငံခြား ရေးမူဝါဒများကို ပိုမိုနားလည်သွားစေပြီး နိုင်ငံတကာ ကိစ္စရပ်တော်တော်များများတွင် တရုတ်နိုင်ငံသည် အီးယူ၏မိတ်ဖက်ဖြစ်သည်ဟု ၎င်းက ဆိုပါသည်။ (Xinhua)