Connect with us

Europe

အမေရိကန်၌ ခိုလှုံနေသည့် တူရကီအတိုက်အခံခေါင်းဆောင်အား လွှဲပြောင်းပေးရန် တူရကီသမ္မတ က အမေရိကန်သမ္မတထံ တောင်းဆို

တူရကီ အတိုက်အခံခေါင်းဆောင် Fethullah Gulen အားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan က နိုင်ငံအတွင်းဖြစ်ပွားခဲ့သော အာဏာသိမ်းမှုတွင် နောက်ကွယ်က ကြိုးကိုင်သူအဖြစ် စွပ်စွဲခံထားရသူ အမေရိကန်နိုင်ငံ၌ ခိုလှုံနေသည့် အတိုက်အခံခေါင်းဆောင်အား ပြန်လည်လွှဲပြောင်းပေးရန် အမေရိကန်သမ္မတ အိုဘားမားထံ ဇူလိုင် ၁၆ ရက်က တောင်းဆိုလိုက်ကြောင်းသိရသည်။

“မဟာဗျူဟာမြောက် မိတ်ဆွေနိုင်ငံတွေလို့သဘောထားရင် ကျနော်တို့ရဲ့တောင်းဆိုမှုကို အမေရိကန်က လိုက်လျောပေးရမှာပါ” ဟု တူရကီနိုင်ငံသမ္မတ Erdogan က အစ္စတန်ဘူလ်မြို့၌ မှတ်ချက်ပြုပြောကြားခဲ့သည်။

တူရကီသမ္မတက ဇူလိုင် ၁၅ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သော မအောင်မြင်သည့် အာဏာသိမ်းမှုအတွက် အမေရိကန်နိုင်ငံ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၌ ခိုလှုံနေသော တူရကီအစ္စလန်မစ်အဖွဲ့ခေါင်းဆောင် Fethullah Gulen အား ပြစ်တင်ပြောကြားလိုက်သည်။

“ အမေရိကန်ကို အရင်ကတည်းက ကျနော်ပြောခဲ့တယ်။ Gulen ကို နယ်နှင်ဒဏ်ပေးဖို့။ဒါမှမဟုတ် တူရကီမှာလာ ပြီး အညံ့ခံခိုင်းဖို့ပေါ့” ဟူ၍ တူရကီသမ္မတ Erdogan က ပြောသည်။ထို့ပြင် ၎င်းက အမေရိကန်သမ္မတ အိုဘားမားအား ရည်ညွှန်း၍ “ ခင်ဗျားကို ကျနော်ပြောခဲ့တယ်။ သူအာဏာသိမ်းဖို့လုပ်နေတယ်။ ဒါပေမယ့် ခင်ဗျား နားမထောင်ခဲ့ဘူး” ဟု ဆက်ပြောသည်။

တူရကီနိုင်ငံ၌ ဇူလိုင် ၁၅ ရက် ညပိုင်းတွင်ဖြစ်ပွားခဲ့သော စစ်တပ်က အာဏာသိမ်းရန်ကြံစည်မှုအတွင်း အနည်းဆုံး လူပေါင်း ၁၉၄ ဦးသေဆုံးပြီး ၁၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်၌ ပြုလုပ်သည့် ပြည်တွင်းလုံခြုံရေး နှင့် နိုင်ငံခြားရေးမူဝါဝဆိုင်ရာ အကြံပေးများ တွေ့ဆုံပွဲတွင် သမ္မတ အိုဘားမားက ထုတ်ဖော်ပြောကြားခဲ့သည်။

တူရကီအစိုးရသည် Gulen အား စင်ပြိုင်အစိုးရဖွဲ့ရန်ကြံစည်နေသူ နှင့် တူရကီအစိုးရပြုတ်ကျအောင်ဖန်တီးနေသူ အဖြစ် စွပ်စွဲထားကြောင်း သိရသည်။(Xinhua)