Connect with us

Europe

စားသောက်ကုန် တာရှည်ထားခံဆေး တစ်မျိုး မက္ကဆီကို သုတေသီများ တီထွင်

လှီးဖြတ်ထားသည့် အသီးအနှံများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

မက္ကဆီကို စီးတီး၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

လတ်ဆတ်သော စားသောက်ကုန်များ၏ သက်တမ်းအား တိုးမြှင့်ပေးနိုင်မည့် တာရှည်ခံဆေး တစ်မျိုးအား မက္ကဆီကို သုတေသီများက တီထွင်လိုက်ကြောင်း UNAM (Mexico’s National Autonomous University) က ဇူလိုင်လ ၁၅ ရက်က ပြောကြားခဲ့သည်။

ယခုလို လုပ်ဆောင်နိုင်မှုသည် စားသောက်ကုန် လုပ်ငန်းအတွက် အရေးပါသော အထောက်အပံ့ တစ်ခု အဖြစ် အဆိုပါ တက္ကသိုလ်က ခေါ်ဝေါ်ခဲ့သည်။

UNAM ၏ တာရှည်ခံဆေးသည် သီးနှံများနှင့် ဟင်းသီးဟင်းရွက်များအား လှီးဖြတ်လိုက်သည့်အခါ လျော့နည်း လာသော အောက်ဆိုဒ်ဓာတ်ပေါင်းနှင့် အရည်ဓာတ်ခန်းခြောက်လာခြင်းများမှ ကာကွယ်ပြီး သီးနှံ သက်တမ်း အား ရှည်ကြာစေရန် ရည်ရွယ်ကာ တီထွင်ခဲ့ခြင်း ဖြစ်သည်။

သုတေသန အဖွဲ့ခေါင်းဆောင် မာရီယာ ဒီလာလုဇ် ဇမ်ဘရန်နိုက ပန်းသီး တစ်လုံး သို့မဟုတ် မည်သည့် သီးနှံ သို့မဟုတ် ဟင်းသီးဟင်းရွက်မဆို လှီးဖြတ်လိုက်သည်နှင့် ညိုရောင်သမ်းလာကာ တဖြည်းဖြည်း ပုပ်လာမည့် လက္ခဏာ ပြလာပါလိမ့်မည်။ သို့သော် ကျွန်မတို့၏ တီထွင်မှုအား အသုံးပြုလိုက်ပါက ယင်း ဖြစ်စဉ်များကို လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို တာရှည်ခံဆေးအား နာနိုဆေးတောင့်ပုံစံဖြင့် ပြုလုပ်ထားပြီး Antioxidant သို့မဟုတ် အသုံးဝင်သည့် သဘာဝပစ္စည်းများဖြင့် တာရှည်ခံအောင် ထိန်းသိမ်းထားကြောင်း UNAM ထံမှ သိရသည်။

၎င်း တာရှည်ခံဆေးသည် သီးနှံ အမျိုးအစားပေါ် မူတည်ပြီး ရေခဲသေတ္တာထဲ၌ သုံးပတ်ကျော်ကြာသည်အထိ ထားရှိနိုင်ကြောင်း၊ အသားများနှင့် အခြား စားသောက်ကုန်များတွင် အသုံးပြုနိုင်ကြောင်း၊ ဆန်းသစ်တီထွင်ခြင်း နှင့် ကိုယ်ပိုင် ထုတ်လုပ်သည့် အရေအတွက် တိုးမြင့်လာစေရန် ရည်ရွယ်ကာ ပြုလုပ်သည့် UNAM ၏ အစီ အစဉ်၌ ထို တာရှည်ခံဆေးက လတ်တလောဆုရရှိထားကြောင်း သိရ သည်။ (Xinhua)