Connect with us

Europe

အီရန်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦး ဒရုန်းဖြင့် ထပ်မံလုပ်ကြံသတ်ဖြတ်ခံရ

ဇန်နဝါရီ ၆ ရက်က ကျင်းပသည့် အီရန် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိ Qasem Soleimani ၏ ဈာပနတွင် အီရန်ပြည်သူများ လိုက်ပါပို့ဆောင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)၏ အဆင့်မြင့်အရာရှိတစ်ဦးသည် အီရတ်နှင့်ဆီးရီးယားနယ်စပ်၌ မောင်းသူမဲ့ယာဉ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း အီရတ်နိုင်ငံ စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်များက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်များကလည်း အီရန် အဆင့်မြင့် နျူကလီးယား ရူပဗေဒပညာရှင် Mohsen Fakhri Zadeh လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ နိုင်ငံတကာ ဝေဖန်ပြောကြားချက်များအရ ယင်းဖြစ်စဉ်နှစ်ရပ်သည် အစ္စရေးနှင့် လွတ်ကင်းရန် ခဲယဉ်းကြောင်း အစ္စရေးမီဒီယာများက ဆိုသည်။
 
၃ ရက်အတွင်း ဖြစ်ပွားသည့် လုပ်ကြံသတ်ဖြတ်မှု ၂ ခု

အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့(IRGC)၏ အဆင့်မြင့်တပ်မှူးMuslim Shahdanသည် ပစ်မှတ်ထားရှင်းလင်းခံရခြင်းဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ Al Arabiya ရုပ်မြင်သံကြားဌာနက အီရတ်လုံခြုံရေးအရာရှိ သတင်းအရင်းအမြစ်ကို ကိုးကား၍ ဖော်ပြခဲ့သည်။ တိုက်ခိုက်ခံရမှုဖြစ်ပွားချိန်သည် နိုဝင်ဘာ ၂၈ ရက် ညဉ့်နက်ပိုင်း မှ ၂၉ ရက် နံနက်ခင်းပိုင်းအတွင်း ဖြစ်ကြောင်း ၊ Shahdan လိုက်ပါသော မော်တော်ယာဉ်သည် ဆီးရီးယားနယ်စပ်နှင့် ထိစပ်နေသည့် အီရတ်နိုင်ငံ Qa’im ဒေသတွင် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း နှင့် Shahdanနှင့်အတူ လိုက်ပါခဲ့သူ ၃ ဦး လည်း သေဆုံးသွား ခဲ့ကြောင်း သိရသည်။

အီရန် ကာကွယ်ရေးဝန်ကြီးဌာန ဝဘ်ဆိုက်တွင် နိုဝင်ဘာ ၃၀ ရက်က မြင်တွေ့ရသော အီရန် အဆင့်မြင့် နျူကလီးယား ရူပဗေဒပညာရှင် Mohsen Fakhri Zadeh ၏ ဈာပနအခမ်းအနားအား  တွေ့ရစဉ်(ဆင်ဟွာ)

Shahdanစီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်တွင် လက်နက်အချို့တင်ဆောင်လာကြောင်း ၊ အီရတ်မှ ဆီးရီးယား နယ်စပ် အတွင်း ဝင်ရောက်စဉ် မောင်းသူမဲ့ ဒရုန်းယာဉ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း အီရတ် စစ်ဘက်ဆိုင်ရာ အရာရှိနှင့် ရှီယိုက်မူဆလင်PMFတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ကို ကိုးကား၍
ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။

အီရန် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိ ၊ အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့(IRGC) ထိပ်တန်း တပ်မှူး ဗိုလ်ချုပ်ကြီး Qasem Soleimaniသည်လည်း ယခုနှစ် ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမေရိကန် မောင်းသူမဲ့လေယာဉ်၏ တိုက်ခိုက်ခံရမှုဖြင့် သေဆုံးသွားခဲ့သည်။

အစ္စရေးသည် ပြီးခဲ့သည့်အပတ်က ဆီးရီးယားနယ်နိမိတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့၏ ပစ်မှတ်မှာ ဆီးရီယားရှိ အီရန်စစ်ဘက်ဆိုင်ရာများ နှင့် အီရန်နှင့်ရင်းနှီးဆက်နွယ်မှုရှိသော ဒေသခံလက်နက်ကိုင်များ ဖြစ်ကြောင်း သိရသည်။ အီရန်သည် အီရတ်မှတစ်ဆင့် ဆီးရီယားနှင့်လက်ဘနွန်ရှိ ဟက်ဇ်ဘိုလာ လက်နက်ကိုင်များကို လက်နက်များတင်ပို့ ထောက်ပံ့ပေးနေသည်ဟု အမေရိကန်နှင့် အစ္စရေးတို့က ကာလကြာရှည် ပြစ်တင် စွပ်စွဲထားသည်။

အီရန်က ကျောထောက်နောက်ခံပြုထားသည့် အီရတ်PMFလက်နက်ကိုင်အဖွဲ့၏ ဆီးရီးယားတွင် တည်ဆောက်ထားသော စစ်စခန်းများကို တားဆီးသည့်လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစ္စရေး စစ်ဦးစီးချုပ် Aviv Kohaviက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

Aviv Kohavi ပြောကြားသည့် လှုပ်ရှားမှုများတွင် အီရန် လက်နက်သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်တန်းများ ပါဝင်သော်လည်း အီရတ်နှင့်ဆီးရီယားနယ်စပ်တစ်လျှောက်တွင် တိုက်ခိုက်မှုလုပ်ဆောင်ခြင်းမှာမူ အလွန်နည်းပါးကြောင်း အမည်မဖော်လိုသည့် အစ္စရေးအရာရှိ တစ်ဦးက ဆိုသည်။

အရှိန်မြှင့်တင်ဆောင်ရွက်ခြင်း

ယခုကာလများတွင် ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သော အီရန်အား ဦးတည်သည့် စစ်ရေးလှုပ်ရှားမှုများသည် အစ္စရေး၏ လုပ်ဆောင်ချက်ဖြစ်သည်ဟု နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သုံးသပ်နေခြင်း ဖြစ်ကြောင်း The Times of Israel၏ ဖော်ပြချက်များက ဆိုသည်။ ၎င်းလုပ်ဆောင်ချက်သည် အမေရိကန် သမ္မတ အပြောင်းအလဲ ဖြစ်လင့်ကစား အစ္စရေးအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ အီရန်ကို ဦးတည်တိုက်ခိုက်မည့် ရည်ရွယ်ချက်မူဝါဒမှာ မပြောင်းလဲ ရှိနေသည်ကို ဖော်ပြခြင်းဖြစ်ကြောင်း အချို့က ယူဆကြသည်။

အီရန် အဆင့်မြင့် နျူကလီးယား ရူပဗေဒပညာရှင် Fakhri Zadeh သည်လည်း နိုဝင်ဘာ ၂၇ ရက်တွင် အလားတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ Fakhri Zadehစီးနင်းလိုက်ပါလာသည့်ကားသည် အီရန် မြို့တော် တီဟီရန်အနီးတွင် မောင်းနှင်နေစဉ် လုပ်ကြံသတ်ဖြတ်မှုနှင့် ကြုံတွေ့ခဲ့ရပြီး ယင်းတိုက်ခိုက်ခံရမှုကြောင့် Fakhri သည် ရရှိခဲ့သော ဒဏ်ရာဖြင့် အသက်သေဆုံးခဲ့ရသည်။

လုပ်ကြံသတ်ဖြတ်မှုတွင် အစ္စရေးအစိုးရ၊ အစ္စရေးထောက်လှမ်းရေးအေဂျင်စီ (မောဆက်) တို့ပါဝင်ပြီး အီရန် ပြည်ပရောက် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် Mujahedin-e-Khalqအဖွဲ့လည်းပါဝင်ကြောင်း အီရန် အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူး Ali Shamkhani က Fakhri Zadeh ၏ ဈာပနအခမ်းအနားတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

Fakhri Zadehအား လုပ်ကြံသတ်ဖြတ်သည့်လှုပ်ရှားမှုသည် ရှုပ်ထွေးပြီး အီလထရောနစ် စက်ပစ္စည်းများကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ လုပ်ကြံတိုက်ခိုက်သူသည် အချင်းဖြစ်နေရာတွင်မရှိဘဲ မော်တော်ယာဉ်ပေါ်တွင် တပ်ဆင်ထားသော အဝေးထိန်းစက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း Shamkhaniက ဆက်လက်ပြောကြားခဲ့သည်။ Fakhri Zadehအား လုပ်ကြံသတ်ဖြတ်သည့်စစ်လက်နက်သည် အစ္စရေးနိုင်ငံက ထုတ်လုပ်ခြင်း ဖြစ်ကြောင်း အီရန် ရုပ်မြင်သံကြား သတင်းဌာနက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.