Connect with us

Europe

အီတလီနိုင်ငံတွင် လွဲမှားစွာပြုမူခြင်းကြောင့် Apple ဖုန်း ဒဏ်ငွေ ယူရို ၁၀ သန်းပေးဆောင်ရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Apple အရောင်းပြခန်းတစ်ခုတွင် ပန်းသီးပုံ ကြော်ငြာဆိုင်းဘုတ် တပ်ဆင်နေသည်ကို ဇွန် ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ရောမ ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

စမတ်ဖုန်းထုတ်လုပ်သည့် Apple ကုမ္ပဏီသည် အီတလီနိုင်ငံတွင် လွဲမှားစွာကြော်ငြာခြင်း နှင့် စီးပွားရေး မလျော်မကန် လုပ်ဆောင်ခြင်း တို့ကြောင့် ဒဏ်ကြေးငွေ ယူရို ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၂ သန်း) ပေးဆောင်ရန် ချမှတ်လိုက်ကြောင်း အီတလီနိုင်ငံ စီးပွားရေးယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့(AGCM) က နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

Apple အနေဖြင့် ၎င်း၏ iPhone ဖုန်းမော်ဒယ်အမျိုးမျိုးသည် ရေစိုခံနိုင်သည်ဟု ထည့်သွင်းကြော်ငြာထားခြင်းကြောင့် ယင်းကဲ့သို့ ဒဏ်ရိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ AGCM ၏ ထုတ်ပြန်ချက်တွင် Apple ကုမ္ပဏီအနေဖြင့် အဆိုပါ ဖုန်းမော်ဒယ်များသည် “ အမျိုးအစားကိုလိုက်၍ ပျမ်းမျှ ရေအောက်အနက် ၄ မီတာ မှ ၁ မီတာအထိ မိနစ် ၃၀ ကျော် ကြာအောင် ရေစိမ်ခံနိုင်ပါတယ် ” ဟု ထည့်သွင်းကြော်ငြာထားကြောင်း ဖော်ပြခဲ့သည်။

“ ဒါပေမယ့် အဲဒီကြော်ငြာထဲမှာ အထူးအခြေအနေတွေမှာပဲ အဲဒီလိုရေစိမ်ခံနိုင်တယ်ဆိုတဲ့ အကြောင်း ထည့်သွင်းမပြောပြထားဘူး ၊ ဥပမာဆိုပါစို့ ၊ ရေသန့်နဲ့မလှုပ်မရှားငြိမ် နေတဲ့ ရေ အနေအထားရှိတဲ့ ဓာတ်ခွဲခန်းထဲမှာပဲ စမ်းသပ်ခံနိုင်တယ်ဆိုတဲ့ အကြောင်းကို မရှင်းပြထားဘူး ၊ ဖုန်းအသုံးပြုသူတွေအတွက် ပုံမှန်သူတို့လှုပ်ရှားသွားလာနေတဲ့ အခြေအနေမျိုးမှာ လုပ်လို့မရဘူးဆိုတာကို ရှင်းရှင်းလင်းလင်းမပြောထားဘူး” ဟု AGCM က ဆိုသည်။

နောက်ထပ် စီးပွားရေးဆိုင်ရာ မလျော်ကန်သော အပြုအမှုတစ်ခုမှာ ကုမ္ပဏီ၏ တရားဝင်အညွှန်းစာသားထဲတွင် ယင်း iPhone မော်ဒယ်များကို ရေ သို့မဟုတ် အခြားသောအရည်တစ်မျိုးဖြင့် ထည့်သွင်းယူဆောင်ခြင်းကြောင့် ပျက်စီးမှု တစ်စုံတစ်ရာ ပေါ်ပေါက်ပါက အာမခံပေးမည်မဟုတ်ဆိုသည့် အချက်ကို ထည့်သွင်းထားကြောင်း AGCM က ဆိုသည်။

အဆိုပါ ရေစိမ်ခံနိုင်ကြောင်း ကြော်ငြာဆိုင်းဘုတ်များသည် “ စားသုံးသူများ အခွင့်အရေး လွဲမှားအောင် လုပ်ဆောင်ချက်” ဖြစ်နေသည်ဟု အာဏာပိုင်အဖွဲ့က ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ရောင်းချထားပြီးသော ဖုန်းမော်ဒယ်များသည် ရေ သို့မဟုတ် အခြားအရည်တစ်မျိုးမျိုးကြောင့် ပျက်စီးမှုတစ်စုံတစ်ရာပေါ်ပေါက်ပါက ဝယ်ယူထားသူများအတွက် စီမံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း Apple ၏ ငြင်းဆိုချက်များအပေါ် “ ဖုန်းဝယ်ယူ သုံးစွဲသူတွေအနေနဲ့ စားသုံးသူစည်းမျဉ်းဥပဒေ ဒါမှမဟုတ် အာမခံချက်ဆိုင်ရာ ဥပဒေတွေအရ အသိအမှတ်ပြုခံရဖို့ အခွင့်အရေးအပြည့်အဝရှိပါတယ် ” ဟု AGCM ၏ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။(Xinhua)