Europe
ပြင်သစ်နိုင်ငံမှ မည်သည့် အပင်မဆို ရှင်သန်အောင် စိုက်ပျိုးနိုင်သည့် စမတ် ပန်းအိုး တီထွင် ထုတ်လုပ်

ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ အီလက်ထရောနစ် ကုမ္ပဏီ Parrot မှ မည်သည့် အပင်မဆို ရှင်သန်အောင် စိုက်ပျိုးနိုင်သည့် စမတ် ပန်းအိုးအား လွန်ခဲ့သည့် အပတ်က စတင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။
ပဲရစ် အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီ၏ ပြောကြားချက်အရ အဆိုပါ ပန်းအိုးသည် အပင်တစ်ပင် အပွင့် ပွင့်ရန် လိုအပ်သည့် PH အဆင့်၊ အပူချိန်၊ အလင်းရောင်၊ စိုထိုင်းဆနှင့် ဓါတ်မြေသြဇာ ပမာဏ လုံလုံ လောက်လောက် ရရှိစေရန် အတွက် အာရုံခံ စနစ်များ တပ်ဆင်ထားကြောင်း သိရသည်။
အကယ်၍ အပင်သည် အလင်းရောင်၊ ရေ (သို့) မြေသြဇာ တစ်ခုခု လိုအပ်နေပါက ယင်း စမတ် ပန်းအိုးသည် Flower Power ဟု ခေါ်သည့် စမတ်ဖုန်း အပလီကေးရှင်းမှ တစ်ဆင့် သတိပေးချက်နှင့် အကြံပြုချက်များကို ဖုန်းသို့ အလိုအလျောက် ပေးပို့ အသိပေးသွားမည် ကြောင်း သိရသည်။
အဆိုပါ ပန်းအိုးသည် အပင်အများစု အတွက် တစ်ပတ်စာ လုံလောက်သည့် ရေ နှစ်လီတာကို ထိန်းသိမ်း ထားနိုင်ပြီး အလိုအလျောက် ရေလောင်းပေးနိုင်သည့် အပြင် “Water-saving mode” ပါရှိ၍ တစ်လအထိ ရေထပ်မံ ဖြည့်ပေးစရာ မလိုဘဲ အပင် ရှင်သန်အောင် ထိန်းသိမ်း ပေးထားနိုင်ကြောင်း သိရသည်။
Parrot ကုမ္ပဏီမှ အဆိုပါ စမတ်ပန်းအိုး နှင့် အတူ ၎င်းတွင် စိုက်ပျိုးနိုင်သည့် ဆေးဖက်ဝင် အပင်များ၊ ပန်းပင်များ နှင့် လက်ဖက်ပင်များ စသည့် အပင်ပေါင်း ၇,၀၀၀ ပါ ကတ်တလောက် အပလီကေးရှင်း တစ်ခု ကို ဧပြီလတွင် ကမ္ဘာအနှံ့ ဖြန့်ချီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဘက်ထရီ စွမ်းအင်သုံး စမတ်ပန်းအိုး တစ်အိုးလျှင် အမေရိကန် ဒေါ်လာ ၉၉ ဒေါ်လာဖြင့် ရောင်းချပေး သွားမည် ဖြစ်ပြီး မီးခိုးရောင် သင်ပုန်းကျောက်၊ ကြွေထည်၊ အုတ်တို့ဖြင့် ပြုလုပ်ထားသည့် စမတ် ပန်းအိုး အမျိုးအစား သုံးမျိုးကို ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)