Connect with us

Latin America

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း၌ ယာဉ်တိုက်မှုကြောင့် လူ ၁ဝ ဦးသေဆုံး


မက္ကဆီကိုစီးတီး ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး နှင့် ကုန်တင် ထရပ်ကားတစ်စီး တို့ဇွန်လ ၂ ရက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ဝ ဦးသေဆုံးသွားကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အခြားလူ ၁၁ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း နှင့် ယာဉ်မတော်တဆမှုမှာ တက်ခ်ကိုကို(Texcoco) နှင့် ကာလ်ပူလယ်ပန်(Calpulalpan) မြို့နှစ်မြို့ကြားဆက်သွယ်ပေးထားသည့် အဝေးပြေးလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံ၌ ယာဉ်တိမ်းမှောက်ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကုန်တင်ထရပ်ကားသည် ဘရိတ်ပေါက်ပြီး ဘတ်စ်ကားအား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ဘတ်စ်ကားပေါ်လိုက်ပါလာသော ခရီးသည်များအနက် ၈ ဦးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။ အခြားဒဏ်ရာရသူနှစ်ဦးမှာ ဆေးရုံသို့သွားသည့်လမ်းပေါ်၌ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ထရပ်ကားသည် အိမ်ဆောက်ပစ္စည်းများကို တင်ဆောင်လာကြောင်း ၊ ယာဉ်တိုက်မှုကြောင့် ကားနှစ်စီးစလုံးမှာ အဝေးပြေးလမ်းမ ဘေးသို့ထိုးကျသွားကြောင်း နှင့် ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

မက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူး Alfredo del Mazo က သေဆုံးဒဏ်ရာရသူများ၏ မိသားစုဝင်များကို တွေ့ဆုံအားပေးရန် တာဝန်ရှိသူများကို စေလွှတ်ထားကြောင်း ၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ Tepetlaoxtoc ရဲ့ အဝေးပြေးလမ်းမပေါ်မှာ ဒီနေ့မနက်ကဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရသွားကြသူတွေရဲ့ မိသားစုဝင်တွေအတွက် ကြေကွဲ ဝမ်းနည်းမိပါတယ်” ဟု Del Mazo က ဆိုသည်။(Xinhua)