Latin America
အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီး ရာထူးမှနုတ်ထွက်မည် ဖြစ်ကြောင်း ထရမ့် ပြောကြား

ဝါရှင်တန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေး ဝန်ကြီး ကာ့စ်ဂျန် နီလ်ဆန် (Kirstjen Nielsen) ရာထူးမှနုတ်ထွက်တော့မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဧပြီလ ၇ ရက်တွင် တွစ်တာပေါ်၌ ရေးသားထားသည်။
လက်ရှိ အမေရိကန်နိုင်ငံ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး မဟာမင်းကြီး ကီဗင် မက်အလီနန် (Kevin McAleenan) က အဆိုပါ ဌာန၏ ယာယီဝန်ကြီး ဖြစ်လာမည် ဖြစ်ကြောင်း ထရမ့်က နောက်ထပ် ရေးသားထားသည်။
နီလ်ဆင်က ဧပြီလ ၇ ရက် ညနေပိုင်းတွင် ထရမ့်နှင့် တွေ့ဆုံပြီးနောက် ၎င်း၏ နုတ်ထွက်စာပေးခဲ့ကြောင်း သတင်းများ ထွက်လာပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
နီလ်ဆင်သည် ထရမ့်အစိုးရ၏ တရားမဝင် ရွှေ့ပြောင်းသူများအပေါ် တင်းမာသည့် ရပ်တည်ချက်အား ထောက်ခံခဲ့ကာ အချုပ်ကာလနှင့် ရုံးတင်စစ်ဆေးစဉ်ကာလအတွင်း ရွှေ့ပြောင်းသွားလာသူ ကလေးသူငယ်များအား ၎င်းတို့၏ မိဘများနှင့် ခွဲခားထားမှုကာလ တိုးမြှင့်ခြင်း စသည့် အငြင်းပွားဖွယ် မူဝါဒများကို ကြီးကြပ်ခဲ့ရသည်။
“နီလ်ဆင်ရဲ့ ရာထူးက တာဝန်အတည်ပြု အပ်နှင်းခြင်းခံရတဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကစပြီးတော့ ကြမ်းတမ်းခဲ့တဲ့ အချိန်တွေပဲ” ဟု CBS သတင်းက ဖော်ပြထားသည်။
မက်အယ်လီနန်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလကစ၍ အမေရိကန်နိုင်ငံ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ (Xinhua)