Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် တံတားပြိုကျမှုကြောင့် လူများစွာ ပျောက်ဆုံး

ဘရာဇီးနိုင်ငံရှိ Moju မြစ်အား ဖြတ်ကျော်တည်ဆောက်ထားသော တံတားတစ်စင်း၏ ရေလယ်တိုင်အား သင်္ဘောတစ်စင်းက ဝင်တိုက်ပြီးနောက် ပြိုကျခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ မြောက်ပိုင်း ပါရာပြည်နယ်တွင် ဧပြီလ ၆ ရက် အစောပိုင်းက တံတားတစ်စင်း တစ်စိတ်တစ်ပိုင်း ပြိုကျပြီးနောက် မြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း သေဆုံး၊ ဒဏ်ရာရသူများ ရှိနိုင်ကြောင်း အာဏာပိုင်းများက ပြောကြားခဲ့သည်။

ဒေသခံအာဏာပိုင်များ၏ အဆိုအရ Moju မြစ်အားဖြတ်ကျော်ကာ တည်ဆောက်ထားသော တံတားအစိတ်အပိုင်း၏ ရေလယ်တိုင်တစ်ခုအား သင်္ဘောတစ်စင်းက တိုက်မိပြီးနောက် ယခုကဲ့သို့ ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖြစ်ပွားနေစဉ် ကားနှစ်စီးမှာ ထိုတံတားအား ကူးဖြတ်နေခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများနှင့် ဒဏ်ရာရသူများ၏ သတင်းအား ထုတ်ဖော်ပြောကြားထားခြင်းမရှိသလို သင်္ဘောပေါ်ပါ ခရီးသည်မည်မျှ ဒဏ်ရာရရှိသည်ကိုလည်း မသိရပေ။

လွန်ခဲ့သည့် သုံးလအကြာက နည်းပညာစစ်ဆေးမှုအရ အဆိုပါတံတား၏ ရေလယ်တိုင်များမှာ ပျက်စီးနေပြီး ဟောင်းနွမ်းစုတ်ပြတ်နေသည်ကို တွေ့ရှိခဲ့ရသော်လည်း ပြိုကျမည့် အန္တရာယ်မရှိကြောင်း သိရသည်။

ယင်းဒေသ၌ ယခုကဲ့သို့ ပြိုကျမှုမှာ ပထမအကြိမ်တော့မဟုတ်ပေ။ လွန်ခဲ့သည့် ၅ နှစ်အကြာက Moju မြစ်ပေါ် တည်ဆောက်ထားသည့် နောက်ထပ် တံတားတစ်စင်းမှာလည်း ထောက်တိုင်တစ်ခုအား သင်္ဘောတစ်စင်း ဝင်တိုက်ပြီးနောက် ပြိုကျခဲ့ဖူးကြောင်း သိရသည်။ (Xinhua)