North America
ကယ်လီဖိုးနီးယား တက္ကသိုလ်ဝင်း အတွင်း သေကြောင်းကြံစည် ပစ်ခတ်မှုဖြစ်စဉ်တွင် ၂ ဦး သေဆုံး
လော့စ်အိန်ဂျလစ်၊ ဇွန် ၂ ရက် (ဆင်ဟွာ)
ကယ်လီဖိုးနီးယား တက္ကသိုလ် (UCLA) ၌ ဇွန်လ ၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော မိမိကိုယ်ကို သေကြောင်းကြံစည် ပစ်ခတ်မှုတွင် ပြစ်မှုကျူးလွန်သူမှာ သေဆုံးသွားပြီ ဖြစ်ကြောင်းနှင့် တက္ကသိုလ် ပရဝဏ်မှာ ဘေးကင်း လုံခြုံလျက် ရှိကြောင်း လော့စ်အိန်ဂျလစ် ရဲဌာန အကြီးအကဲ ချာလီဘက်ခ် (Charlie Beck) က အတည်ပြု ပြောကြားသည်။
အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီးကြောင်း နှင့် ကျောင်းဝင်းပရဝဏ်မှာ ဘေးကင်းလုံခြုံနေပြီဟု ချာလီက ဆက်ပြောသည်။ သေကြောင်းကြံစည်မှု ဖြစ်စဉ်တွင် လူနှစ်ဦးသေဆုံးပြီး သေနတ် တစ်လက်ကို အခင်းဖြစ်ပွားရာနေရာတွင် တွေ့ရှိရကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။
အဆိုပါပစ်ခတ်မှုသည် Samueli အင်ဂျင်နီယာ နှင့် အသုံးချ သိပ္ပံကျောင်းဝင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် Boelter ဟောခန်းတွင် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ မတိုင်မီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှင့် အခင်းဖြစ်ပွားပြီးနောက် ကျောင်းဝင်ဝ ကို သော့ခတ် ပိတ်ပစ်ထားကြောင်း သိရသည်။
တစ်နာရီကျော် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်ပြီးနောက် အင်ဂျင်နီယာ အဆောက်အအုံ အခန်းငယ်ထဲတွင် လူသေ အလောင်း ၂ ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ သို့သော် သေဆုံးသူ နှစ်ဦးမှာ ကျောင်းသားများ ၊ အလုပ်သမားများ (သို့မဟုတ်) လာရောက် လည်ပတ်သူများ ဖြစ်သည်ကို တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
UCLA တက္ကသိုလ်ဝင်း အတွင်းတွင် Warner အခြေခံပညာကျောင်း ၊ Fairburn အခြေခံပညာကျောင်း နှင့် Emerson အလယ်တန်း ကျောင်းများ တည်ရှိနေပြီး ပစ်ခတ်မှုကြောင့် အဆိုပါ ကျောင်းအားလုံးကို ပိတ်ထားရကြောင်း လော့စ်အိန်ဂျလစ် ရဲတပ်ဖွဲ့ကပြောကြားသည်။
ရဲတပ်ဖွဲ့သည် UCLA ကျောင်းဆောင်အတွင်း ပိတ်မိနေသူများကို ပြင်ပသို့စတင် ထွက်ခွာခွင့် ပေးနေပြီဖြစ်သည်။ UCLA တာဝန်ရှိသူများက ကျောင်းဝင်းကို ပြန်ဖွင့်ပေးခဲ့သည် ဆိုသော်လည်း ဇွန်လ ၁ ရက် တန်းခွဲအားလုံးကို ပိတ်ထားခဲ့ရကြောင်း နှင့် ဇွန်လ ၂ ရက်မှသာ တန်းခွဲအားလုံးကို ပြန်ဖွင့်ပေးမည်ဟု ဆိုထားသည်။ (Xinhua)