Connect with us

North America

နယူးယောက်မြို့၌ ရွေးကောက်ပွဲနေ့တွင် ဆန္ဒပြမည့် အစီအစဉ်များ မတွေ့ရကြောင်း မြို့တော်ဝန်ပြော

အမေရိကန်နိုင်ငံနယူးယောက်မြို့ရှိ မဲရုံတစ်ခု၌ မဲပေးနေသူများနှင့်မဲရုံဝန်ထမ်းများအား နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-Xinhua/Wang Ying)

နယူးယောက် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ယနေ့(ဒေသစံတော်ချိန်) နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲနေ့အတွင်း မည်သည့် ဆန္ဒပြပွဲ အစီအစဉ် အရိပ်အရောင်မျှ မတွေ့ရကြောင်း နယူးယောက်မြို့အသံလွှင့်ဌာနတစ်ခုဖြစ်သည့် 1010WINS၌ မြို့တော်ဝန် Bill de Blasio က ယင်းနေ့တွင် ပြောကြားခဲ့သည်။

“ ဒီနေရာမှာ အရေကြီးဆုံးက ပြည်သူတွေ မဲပေးမှုမှာပါဝင်ကြဖို့ပဲဖြစ်ပါတယ်၊ ပြီးတော့ ပြောရရင် ပြည်သူတွေရဲ့ဆန္ဒကို လေးစားလိုက်နာဖို့ပေါ့ ၊ တကယ်လို့ လူတွေမှာ စိုးရိမ်ပူပန်မှုရှိတယ်ဆိုရင် အဲဒါကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆန္ဒဖော်ထုတ်ပါ ၊ အဲဒါဟာ ကျွန်တော်တို့ လေးလေးနက်နက် စောင့်ထိန်းရမယ့်အရာပါပဲ ” ဟုမြို့တော်ဝန်က ဆိုသည်။

အမေရိကန်နိုင်ငံနယူးယောက်မြို့ရှိ မဲရုံတစ်ခု၌  မဲပေးနေသူများနှင့်မဲရုံဝန်ထမ်းများအား နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-Xinhua/Wang Ying)

“ အာရုံစိုက်အလေးထားရမှာက ခင်ဗျားတို့သိတဲ့အတိုင်းပဲ လုံခြုံတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ပေါ့ ။ အရေအတွက်အများဆုံး လူတွေအားလုံးပါဝင်ကြဖို့ပါ ၊ ဘာကြောင့်လဲဆိုတော့ ဒါကိုကြည့်ရင်ခြင်းအားဖြင့် ဘယ်တော့မှ ထပ်ရဖို့မရှိတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်နေလို့ပဲ” ဟု၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံနယူးယောက်မြို့ရှိ မဲရုံတစ်ခု၌  မဲပေးနေသူများနှင့်မဲရုံဝန်ထမ်းများအား နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-Xinhua/Wang Ying)

ထို့ပြင် မြို့တော်ဝန်က နယူးယောက်ရဲဌာန(NYPD) အနေဖြင့် အသင့်အနေအထားရှိရန် နှင့် ဖြစ်စဉ်အားလုံး တစ်ခုချင်းစီကို အနီးကပ် စောင့်ကြပ်ကြည့်ရှုရန်လည်း အလေးအနက်ထား တိုက်တွန်းပြောကြားခဲ့သည်။“ ခြုံပြီးပြောရရင် ပြည်သူတွေ မဲပေးမှုမှာ ပါဝင်နေကြပါတယ်၊ ဘေးကင်းလုံခြုံစွာနဲ့သန့်ရှင်း ဖြောင့်မတ်စွာ ပါဝင်နေကြတာပါ။ ဒါက အရေးအကြီးဆုံး ကိစ္စပဲလေ ” ဟု မြို့တော်ဝန်က ဆိုသည်။
အမေရိကန်ဒေသစံတော်ချိန် နိုဝင်ဘာ ၂ ရက်တွင် မြို့တော်ဝန် de Blasio က ရွေးကောက်ပွဲနေ့နဲ့ရွေးကောက်ပွဲအပြီးကာလများ၌ မြို့တော်အား ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ကဏ္ဍပေါင်းစုံကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သောရက်သတ္တပတ်က နယူးယောက်မြို့တော်ရဲတပ်ဖွဲ့သည် ရွေးကောက်ပွဲအတွက် မြို့တော်လုံခြုံရေးကင်းလှည့်မှုကို အင်တိုက်အားတိုက်ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ရာဇဝတ်မှု ကာကွယ်ရေး စေတနာ့ဝန်ထမ်းလုပ်အားပေး အစုအဖွဲ့များစွာကလည်း ရွေးကောက်ပွဲနေ့တွင် ပဋိပက္ခများ မပေါ်ပေါက်စေရန် လုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုအတွက် ဝိုင်းဝန်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ အမေရိကန်ဒေသစံတော်ချိန် (နိုဝင်ဘာ ၃ ရက်) ရွေးကောက်ပွဲနေ့တွင် နယူးယောက်မြို့တော်တစ်ဝှမ်းရှိ မဲရုံများပြုလုပ်ထားသော စာသင်ကျောင်း ၇၀၈ ကျောင်း နှင့် Madison ရင်ပြင် ဉယျာဉ်ရှိ မဲရုံသစ်နေရာများ ၊ မန်ဟက်တန်ရှိ လင်ကွန်စင်တာ နှင့် ဘရွတ်ကလင်းရှိ ဘာကလေစင်တာများအပါအဝင် မဲရုံပေါင်း ၁,၂၀၁ ရုံကို စောင့်ကြည့်ရန် ရဲအရာရှိများ စေလွှတ်ထားကြောင်း NYPD ၏ ပြောကြားချက်အရ သိရသည်။(Xinhua)