Connect with us

North America

ရေဒါမှ ပျောက်ဆုံးသွားသည့် ရုရှားလေယာဉ်မှာ ဆီးရီးယားစစ်တပ်က မှားယွင်းပစ်ချခြင်းဖြစ်ကြောင်း အမေရိကန် ယူဆ


ဝါရှင်တန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြေထဲပင်လယ်ပေါ်တွင် စက်တင်ဘာ ၁၇ ရက်က ပျောက်ဆုံးသွားသော ရုရှားလေယာဉ်သည် ဆီးရီးယား စစ်တပ်က မှားယွင်းပစ်ချမိခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံ က ယုံကြည်ကြောင်း ယင်းဖြစ်စဉ်နှင့် နီးစပ်သော အမေရိကန်အရာရှိတစ်ဦး ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်သတင်းဌာနက စက်တင်ဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

တပ်ဖွဲ့ဝင် ၁၄ဦးလိုက်ပါလာသော ရုရှားလေယာဉ်သည် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ဆီးရီးယားနိုင်ငံ ရှိ Hmeymim လေတပ်အခြေစိုက်စခန်းအနီး၌ ရေဒါပေါ်မှ ပျောက်ဆုံးသွားပြီး လေတပ်အခြေစိုက်စခန်းမှ ပျောက်ဆုံးလေယာဉ်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရ၏ လေယာဉ်ဖျက်ဒုံးကျည်စနစ်သည် ဒုံးကျည်ပစ်ခတ်မှုများအား ပြန်လည်တုံ့ပြန်ပစ်ခတ်နေစဉ် ရုရှားရေကြောင်းကင်းလှည့်လေယာဉ် အား မတော်တဆပစ်ခတ်မိခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ CNN သတင်းဌာနကပြောကြားခဲ့သည်။

စက်တင်ဘာ ၁၇ရက် အစောပိုင်းတွင် ဆီးရီးယားနိုင်ငံ Latakia မြို့၌ ဒုံးကျည်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဆီးရီးယား သတင်းဌာနကဖော်ပြခဲ့သည်။

ဆီးရီးယားအစိုးရက ယင်းတိုက်ခိုက်မှုနောက်ကွယ်မှ အဖွဲ့အမည်အား ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း နိုင်ငံပိုင် ရုပ်သံလိုင်းက အစ္စရေးနိုင်ငံအား ထောက်ပြပြောကြားခဲ့ကြောင်း သိရသည်။

ပင်တဂွန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ Sean Robertson က အမေရိကန်စစ်တပ်မှ ဒုံးကျည်များပစ်လွှတ်ခြင်းမဟုတ်ကြောင်း စက်တင်ဘာ ၁၇ ရက်တွင် သတင်းထောက်များအားပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.