Connect with us

North America

ရောဂါအကြောင်းပြ လူမျိုးရေးဖယ်ကြဉ်ခွဲခြားဆက်ဆံမှုကို အမေရိကန် နယ်ပယ်အသီးသီးက ဆန့်ကျင်

တရုတ်နှစ်ကူး နွေဦးပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ တရုတ်တန်းတွင် ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) 

လက်ရှိ တရုတ်နိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်လျက်ရှိသလို အခြားနိုင်ငံများသို့ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုးပမ်းကာကွယ် တားဆီးလျက်ရှိရာ နိုင်ငံတကာအသိုက်အဝန်းက အပြည့်အဝ အသိအမှတ်ပြုခဲ့ကြသည်။သို့သော်လည်း အမေရိကန်၌ COVID-19 ကြောင့် အာရှသားများကို ခွဲခြားဆက်ဆံမှုများ ဖြစ်ပွားလျက်ရာ ယခုရက်ပိုင်းများတွင် အမေရိကန် နိုင်ငံရေးနှင့်စီးပွားရေးနယ်ပယ်များမှ လူပုဂ္ဂိုလ်အသီးသီးက ထိုသို့ ရောဂါအကြောင်းပြ လူမျိုးရေးခွဲခြားဖယ်ကြဉ်မှုများကို ပြစ်တင်ရှုံ့ချ၍ သိပ္ပံနည်းကျ ဗဟုသုတများကို လေးစားရန်နှင့် အရောင်ဆိုးအမြတ်ထုတ်ခြင်းမပြုကြရန် နှိုးဆော်ခဲ့ကြသည်။ 

ပင်လယ်ရပ်ခြားအာရှသားများ အထူးသဖြင့် တရုတ်လူမျိုးများသည် ရောဂါကြောင့် ဖယ်ကြဉ်ခွဲခြားခံနေခြင်းအပေါ် မေးမြန်းရာတွင် အမေရိကန် ရောဂါ ထိန်းချုပ်ရေးစင်တာ၊ ကိုယ်ခံစွမ်းအားနှင့်အသက်ရှူလမ်းကြောင်းရောဂါဆိုင်ရာ စင်တာ (NCIRD) အကြီးအကဲ နန်စီ မက်ဆွန်နီယာ (Nancy Messonnier) က  “အနားမှာရှိတဲ့ အာရှသားတွေကို အမေရိကန်တွေက မဖယ်ကြဉ်သင့်ဘူး”ဟု ဆိုသည်။ 

တရုတ်နှစ်ကူး နွေဦးပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ တရုတ်တန်းတွင် ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) 

“ဒီလိုအဆိုးသဘောနဲ့ အသိဉာဏ်မဲ့လုပ်ရပ်တွေက အမေရိကန်အစိုးရနဲ့ ပြည်သူ့ ကျန်းမာရေး အရာရှိတွေ  COVID-19ကို သိပံ္ပနည်းကျ အများသိအောင်လုပ်ရမယ်ဆိုတာ ဖော်ပြနေတာပဲ။ ဗိုင်းရပ်စ် ဘယ်လိုပြန့်ပွားတယ်၊ လူတွေဘယ်လိုကာကွယ်ရမလဲဆိုတာကို လူအများသိအောင်၊ နားလည်အောင်လုပ်ရမယ်”ဟု တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ဟောင်းလည်းဖြစ် ၊ အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဟောင်းလည်း ဖြစ်သူ ဂါရီ လော့ခ် (Gary Locke) က ဆိုသည်။ 

Emory University ကူးစက်ရောဂါဆိုင်ရာ တွဲဖက်ပါမောက္ခ မေရီဘတ် ဆက်တန် (Marybeth Sexton) က “ရောဂါကာကွယ်ထိန်းချုပ်တဲ့အခါမှာ လူနာကို သီးခြားခွဲထားရတာမျိုးရှိတယ်။ ဒါကို လူတွေက ဘယ်တိုင်းရင်းသား ဒါမှမဟုတ် ဘယ်လူမျိုးစုဟာ အန္တရာယ်ဆိုတာမျိုး မမြင်သင့်ဘူး ”ဟု ဆိုသည်။ နယူးယောက်မြို့ရှိ တရုတ်လူမျိုး လွှတ်တော်အမတ် ကုရာမင် က “ရောဂါပိုးမွှားဆိုတာ ဘယ်လိုအသားအရောင် ဘယ်လိုနိုင်ငံရယ်လို့ ရွေးနေမှာမဟုတ်ဘူး။ လူမျိုးအားလုံးက လက်တွဲကာကွယ်တိုက်ဖျက်သွားရမှာပါ။ ဒါကို အခွင့်ယူပြီးတော့ လူမျိုးရေးအရ ဖယ်ကြဉ်ခွဲခြားဆက်ဆံတာတွေကို ရှုံ့ချဆန့်ကျင်တယ်။”ဟု ပြောကြားခဲ့သည်။

လက်ရှိ နယူးယောက်မြို့ရှိ အာရှနွယ်ဖွားများ နေထိုင်သည့် နေရာများကို အမြင်စောင်း စိုးရိမ်ထိတ်လန့်မှုပုံစံဖြင့် ပြုမူနေခြင်းအပေါ်  မြို့တော်အရာရှိများက ယခင် မူလပုံစံအတိုင်း စားသောက်နေထိုင်ကြရန် နှိုးဆော်ထားသည်။ နယူးယောက်မြို့ ကျန်းမာရေး ကော်မရှင်နာ ဒေါက်တာ အောက်စီရစ် ဘာဘော့ (Oxiris Barbot) က တရုတ်တန်းတွင် ထမင်းစားနေပုံနှင့် နွေဦးနှစ်ကူးပွဲတော် ပါဝင်ဆင်နွှဲနေပုံများကို ၎င်း၏ တွစ်တာလူမှုကွန်ရက်မီဒီယာတွင် ဆက်တိုက်ဆိုသလို တင်ခဲ့သည်။ 

“အာရှနွယ်ဖွားတွေနေထိုင်တဲ့ နေရာဒေသတွေ ခွဲခြားဆက်ဆံတာတွေ ကြားရတော့ ကျွန်မ အရမ်းစိတ်ပျက်မိတယ်။ ကျွန်မတို့ကာကွယ်ရမှာက ဗိုင်းရပ်စ်ပါ၊ လူတစ်စု မဟုတ်ပါဘူး”ဟု အောက်စီရစ် ဘာဘော့က ၎င်း၏တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ “COVID-19ကို အကြောင်းပြုပြီး လူမျိုးခွဲခြားဆက်ဆံမှုဟာ အကျည်းတန်ရုပ်ဆိုးသလို အကျိုးကြောင်းဆီလျော်မှု နည်းနည်းမှ မရှိပါဘူး။ လက်တွေ့အခြေအနေအရဆိုရင်လည်း အမေရိကန်ကိုယ်၌က နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ တုပ်ကွေးရောဂါ ကျန်းမာရေးအန္တရာယ်နဲ့ရင်ဆိုင်နေရဆဲပါ။”ဟု ဘော်စတွန်မြို့ရှိ Massachusetts University ၊ အာရှနွယ်ဖွားလူမျိုးများဆိုင်ရာ သုတေသနဌာန အကြီးအကဲ ပါမောက္ခ ပေါလ် ဝါတာနာဘဲ (Paul Watanabe) က ဆိုသည်။(Xinhua)