Connect with us

North America

အမေရိကန် ဘုရားရှိခိုး ကျောင်းတွင် လူမည်း ၉ ဦး ကို သေနတ် ဖြင့် ပစ်သတ်သူ လူဖြူကို ဖမ်းဆီး

လူမည်း ၉ ဦးကို သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရသည့် အမေရိကန် ပြည်ထောင်စုရှိ Emanuel African Methodist Episcopal ဘုရားရှိခိုးကျောင်းအား အခင်းဖြစ်ပွားပြီးနောက် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် ပြည်ထောင်စု ကာရိုလိုင်းနား ပြည်နယ် တောင်ပိုင်း ချားလ်စတန် မြို့တွင် အာဖရိကန်-အမေရိကန် လူမျိုး ၉ ဦး ကို လူမျိုးရေး မုန်းတီးမှုကြောင့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု အပေါ် သံသယ ရှိသူ လူဖြူ သေနတ် သမားကို ဇွန်လ ၁၈ ရက် နေ့တွင် ဖမ်းဆီးမိပြီ ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေးအဖွဲ့ က ပြောကြားသည်။

သံသယ ရှိသူ လူဖြူ သေနတ်သမား အသက် ၂၁ နှစ် အရွယ် Dylann Roof ကို မြောက်ကာရိုလိုင်းနား ပြည်နယ် Shelby တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ချားလ်စတန် က ရဲအရာရှိချုပ် Gregory Mullen က သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား သည်။

“ အခင်းဖြစ်ပွား ရခြင်းအကြောင်းအရင်းကို သိဖို့ စုံစမ်းစစ်ဆေးမှုတွေ အများကြီး ပြုလုပ်ဖို့လိုပါတယ်” ဟု Mullen က ပြောကြားသည်။ “ဘုရားရှိခိုးကျောင်းကို မဟုတ်ဘဲ တစ်စုံတစ်ယောက်ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဟုတ်မဟုတ် ဆိုတာကို မရှင်းလင်းသးပါဘူး။ ဒီကိစ္စကို Roof တစ်ယောက်ထဲ ကြံစည် ခဲ့တာလို့ အရာရှိတွေက ယုံကြည်နေပါတယ်” ဟု Mullen က ထပ်လောင်း ပြောကြား သည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့ ညပိုင်း၌ အမေရိကန် ပြည်ထောင်စုတွင် ထင်ရှားသည့် လူမည်း ဘုရားရှိခိုးကျောင်း တစ်ခု ဖြစ်သည့် Emanuel African Methodist Episcopal ဘုရားကျောင်းတွင် ဖြစ်ပွား ခဲ့ ပြီး အမေရိကန် တရားစီရင်ရေး ဌာနက လူမျိုးရေး မုန်းတီးမှုကြောင့် ပြစ်မှု ကျူးလွန်မှုကို စုံစမ်းစစ်ဆေး နေပြီဖြစ်ကြောင်း အမေရိကန် ရှေ့နေချုပ်က ဇွန်လ ၁၈ ရက်နေ့ အစောပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

သေနတ်သမားဟု သံသယ ရှိသူ Roof သည် ပြစ်မှု မကျူးလွန်ခင် ဇွန်လ ၁၇ ရက်နေ့ည ဆုတောင်းသူများ အစည်းအဝေးတွင် တစ်နာရီ နီးပါးခန့် ရှိခဲ့ကြောင်း ရဲအရာရှိများ၏ ပြောကြားချက်အရ သိရသည်။ အမေရိကန်၏ မီဒီယာ တစ်ခုဖြစ်သည့် CNN သတင်းဌာနတွင် မျက်မြင်သက်သေများက ထိုသေနတ် သမားသည် “ လူမည်းများကို ပစ်ခတ်ရန်” ဘုရားကျောင်းတွင် ရှိခဲ့ကြောင်းကို ပြောကြား ခဲ့ကြောင်း ဖော်ပြထားသည်။

လူမည်း ၉ ဦး ပစ်သတ် ခြင်းခံရပြီး အမျိုးသမီး တစ်ဦး အပါအဝင် ၃ ဦး မှာ လွတ်မြောက် ခဲ့သည်။ ထိုဘုရားကျောင်း ကို ၁၈၉၁ ခုနှစ် တွင် တည်ဆောက် ခဲ့ပြီး ၎င်းဒေသတွင် လူမည်းများ အများဆုံး လာရောက်ဝတ်ပြု ဆုတောင်းသည့် ဘုရားရှိခိုးကျောင်း တစ်ခု ဖြစ်သည်။ (Xinhua)