North America
အမေရိကန် ရေကူးအားကစားသမား ပွဲပယ်ပြစ်ဒဏ် ၁ဝ လ ချမှတ်ခံရ

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ရီယိုအိုလံပစ်ပြိုင်ပွဲတွင် စတိုးဆိုင်တစ်ခု၌ ဓားပြ အတိုက်ခံရကြောင်း လိမ်လည်ထွက်ဆိုခဲ့သည့် အမေရိကန်ရေကူးအားကစားသမား Ryan Lochte အား ပွဲပယ်ပြစ်ဒဏ် ၁ဝ လ ချမှတ်လိုက်ကြောင်း စက်တင်ဘာလ ၇ ရက် သတင်းအရ သိရသည်။
အဆိုပါ အိုလံပစ် ဆုတံဆိပ် ၁၂ ဆုရှင် ရေကူးအားကစားသမားသည် ၂ဝ၁၇ ခုနှစ် နှစ်လည်ပိုင်းအထိ ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ကျော်ကြားသူများ၏ အတင်းအဖျင်းများဖော်ပြနေသည့် TMZ အင်တာနက်စာမျက်နှာက ရေးသားဖော်ပြထားသည်။
Lochte သည် ရီယိုအိုလံပစ်ပြိုင်ပွဲ၌ သွားရောက်ယှဉ်ပြိုင်နေစဉ် ၎င်းစီးလားသည့် အငှားယာဉ်အား ဓားပြ အတိုက်ခံရကြောင်း ဘရာဇီးရဲများအားသတင်းအမှားပေးမှုဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။
Lochte သည် အခြားအမေရိကန်ရေကူးအားကစားသမားများဖြစ်သည့် James Feigen ၊ Gunner Bentz နှင့် Jack Conger တို့နှင့်အတူ အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားအပြီးတွင် ၎င်းတို့တည်းခိုရာ အိုလံပစ်ရွာသို့အငှားကား တစ်စီးဖြင့် ပြန်လာစဉ် ရဲအယောင်ဆောင်ထားသည့် ဓားပြများက ကားကိုတား၍ လုယက်ခဲ့ကြောင်း ဘရာဇီးရဲထံ သတင်းပေးတိုင်ကြားခဲ့သည်။
သို့သော် အဆိုပါအားကစားသမားများသည် တည်းခိုရာနေရာသို့ဘေးကင်းစွာ လုံခြုံရေးအစောင့်အရှောက်များဖြင့် ပြန်လာကြောင်း နှင့် လုယက်ခံရသည့်ဆိုသည့် ကိစ္စမှာ လုပ်ကြံဖန်တီးထားသည့် ပုံပြင်တစ်ပုဒ်သာဖြစ်ကြောင်း ရဲတပ်ဖွဲ့က သိရှိခဲ့သည်။
အဆိုပါ ဖြစ်ရပ်ကြောင့် အိုလံပစ် ရွှေတံဆိပ် ၆ ကြိမ်ရ ချန်ပီယံ ဆုရှင်သည် Speedo အမှတ်တံဆိပ် အားကစားဝတ်စုံအပါအဝင် ၎င်းရရှိထားသည့် စပွန်ဆာများစွာ လက်လွှတ်ဆုံးရှုံးရတော့မည်ဖြစ်ကြောင်းသိရသည်။(Xinhua)