North America
အမေရိကန် သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်ပါတီမှ အမည်စာရင်း တင်သွင်းရန် လုံလောက်သည့် ကိုယ်စားလှယ်အရေအတွက် ဟီလာရီ ကလင်တန် ရရှိ

ဝါရှင်တန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတလောင်း အဖြစ် ဒီမိုကရက်တစ် ပါတီဘက်မှ ဝင်ရောက် ယှဉ်ပြိုင်နေသူ ဟီလာရီ ကလင်တန်သည် အမည်စာရင်း တင်သွင်းခံရရန် လိုအပ်သည့် ကိုယ်စားလှယ် အရေအတွက် ၂,၃၈၃ ဦး ရရှိခဲ့ကာ အမေရိကန်နိုင်ငံရှိ အထင်ကရ နိုင်ငံရေး ပါတီကြီး တစ်ခုမှ အမည်စာရင်း တင်သွင်းမည့် ပထမဆုံး အမျိုးသမီး သမ္မတလောင်း တစ်ဦး ဖြစ်လာမည် ဖြစ်ကြောင်း အေပီ သတင်းဋ္ဌာနက ကောက်ယူခဲ့သည့် နောက်ဆုံး စစ်တမ်းအရ သိရသည်။
အမေရိကန် သမ္မတဟောင်းကတော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီသည် Primary နှင့် Caucuses များ၌ ကိုယ်စားလှယ် အရေအတွက် ၁,၈၁၂ အား စုဆောင်းနိုင်ခဲ့ပြီး အထူးကိုယ်စားလှယ် ၅၇၁ ဦး၏ ထောက်ခံမှုများ ရရှိထားကြောင်း အေပီက တင်ပြထားသည်။
သို့သော်လည်း အမေရိကန်နိုင်ငံ Philadelphia မြို့၌ ဇူလိုင်လတွင် ပြုလုပ်မည့် ပါတီ ညီလာခံ မတိုင်မီအထိ ဟီလာရီအား အမည်စာရင်း တင်သွင်းခြင်းမှာ တရားဝင် ဖြစ်မလာသေးပေ။ ပါတီအတွင်း ၎င်း၏ ပြိုင်ဘက် ဗားမောင့် အထက်လွှတ်တော် အမတ် ဘာနီ ဆန်းဒါးကလည်း ပါတီညီလာခံ မတိုင်မီအထိ ဤပြိုင်ပွဲမှ နုတ်ထွက်မည် မဟုတ်ဘဲ ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဇွန်လ ၆ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။
ရီပက်ဘလစ်ကန်ပါတီမှ သမ္မတလောင်းအဖြစ် နယူးယောက် အိမ်ခြံမြေ သူဋ္ဌေး ဒေါ်နယ် ထရမ့်အား အမည်စာရင်း တင်သွင်းမည် ဖြစ်သည်။ (Xinhua)