North America
ရထားသွားနေစဉ် ပြတင်းပေါက်မှ ခေါင်းထုတ်ကြည့်မိသည့် မက္ကဆီကို အမျိုးသားတစ်ဦးသေဆုံး
မက္ကဆီကို စီးတီး၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးမြို့တွင် ဇွန်လ ၁၁ ရက်က ဘူတာရုံသို့ ဦးတည်မောင်းနှင်နေသည့် မြေအောက်ရထားတစ်စီးပေါ်မှ မက္ကဆီကိုအမျိုးသားတစ်ဦးသည် ရထားပြတင်းပေါက်မှ အပြင်သို့ ခေါင်းထုတ်ကြည့်မိရာ ပလက်ဖောင်းပေါ်ရှိ သတ္တု အတားအဆီးတစ်ခုနှင့် တိုက်မိပြီး သေဆုံးသွားခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
အသက် (၃၀)နှစ် ခန့်ရှိမည်ဟု ယူဆရသော အဆိုပါ အမျိုးသား ၏ ဦးခေါင်း သည် ဘူတာရုံပလက်ဖောင်းပေါ်ရှိ စောင့်ဆိုင်းဧရိယာ မှ ရွှေ့ပြောင်းနိုင်သော အရံအတားတစ်ခု နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအရံအတားသည် စောင့်ဆိုင်းဧရိယာကို နှစ်ပိုင်းခွဲထားပြီး တစ်ပိုင်းမှာ အမျိုးသမီးများ နှင့် ကလေးငယ်များအတွက်ဖြစ်ပြီး အခြားတစ်ပိုင်းမှာ အများပြည်သူများအတွက်ဖြစ်ကြောင်း သိရသည်။
Excelsior နေ့စဉ် သတင်းစာ က ကြက်ခြေနီဝန်ထမ်းများ သည် အဆိုပါ အမျိုးသားအား ကုသမှုပေးရန် ရောက်ရှိလာခဲ့သော်လည်း ၎င်းမှာ ဒဏ်ရာကြောင့် ချက်ချင်းသေဆုံးသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ယင်းမတော်တဆမှုသည် ဒေသစံတော်ချိန် နံနက် ၉နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူများက အခင်းဖြစ်ပွားရာတွင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့၍ မြေအောက်ရထားလိုင်း နံပါတ် (၁) တွင် ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့နောက် အလောင်းအား ဖယ်ရှားခဲ့ပြီး ရထားအားထွက်ခွာစေခဲ့ကြောင်း သိရသည်။ (Xinhua)