Connect with us

Media

မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့်အတူ မုန်တိုင်းဒီရေတက်မှု အထူးသတိပြုဖို့လို

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၂ပေမှ ၁၆ပေခန့်အထိ နှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၉ ပေမှ ၁၂ပေ ခန့်အထိ မြင့်တက်လာနိုင်သောကြောင့် မုန်တိုင်းဒီရေကို အထူးသတိပြုသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ပြောသည်။

ဦးလှထွန်းက “လက်ရှိအနေအထားအရ ကမ်းဖြတ်မယ့် အချိန်မှာ လေတိုက်နှုန်း က တစ်နာရီ မိုင် ၉၀ ကနေ ၁၁၀ မိုင် အထိ တိုက်နိုင်ပါတယ်။ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမှာ လေတိုက်နှုန်းက တစ်နာရီ မိုင် ၁၃၀ က လေတိုက်နှုန်း အမြင့်ဆုံးပါပဲ’’ ဟုပြောသည်။
ရခိုင်ကမ်းရိုးတန်းတင်သာမက ရခိုင်နှင့် ဆက်စပ်နေသော မြစ်ဝကျွန်းပေါ် ဘက်များတွင်လည်း လှိုင်းအလွန်ကြီးမည့် အနေအထားတွင် ရှိကြောင်း၊ ထို့ပြင်ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများလည်း ကျရောက်နိုင်ကြောင်း ဦးလှထွန်း၏ ပြောကြားချက်အရ သိရသည်။

“အဓိကကတော့ ပြောင်းရင် အခုကတည်းက ပြောင်းရွှေ့သင့်တယ်။ အခုလို ရာသီဥတု သိပ်မဆိုးခင် ပြောင်းရွှေ့နေထိုင်ခြင်းက အကောင်းဆုံးပေါ့။ မုန်တိုင်းမလာခင် ရှေ့ပြေးတိမ်တိုက်တွေ ကြောင့် မိုးသက်လေပြင်းကျတာတွေ လည်းဖြစ်နိုင်သေးတယ်။မုန်တိုင်း အဆောက်အအုံကနေ ထွက်လာတဲ့ လေစီးကြောင်း၊မုန်တိုင်းရှေ့ပြေးတိမ်တိုက်၊ မုန်တိုင်းတိမ်တိုက်တွေကြောင့် တစ်နိုင်ငံလုံး အနေအထားနဲ့သတိထားဖို့လိုပါတယ်’’ ဟု ဦးလှထွန်းက ဖြည့်စွက်ပြောကြားသည်။

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာကာ ယနေ့ညပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ် ပိုင်း၌ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ မေ ၁၄ ရက် နေ့လယ်ပိုင်းတွင် အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ”(MOCHA) အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.