Connect with us

Local

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြု

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့်ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရန် နှစ်နိုင်ငံငွေပေးချေမှု နှင့် စာရင်းရှင်းလင်းမှုစနစ်လွယ်ကူချောမွေ့စေရန် နှင့် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်၍ တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၁၄ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။ယွမ် /ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန် တင်ပို့သူများအား ယွမ်စာရင်းဖွင့်လှစ်ခွင့်ပြုကြောင်း ၊ ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များသည် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်တိုက်ရိုက် အသုံးပြုပေးချေရေးလုပ်ငန်းစဉ်များ ဆိုင်ရာလမ်းညွှန်ချက် (Guideline) အား လိုက်နာဆောင်ရွက်ရန် ဖြစ်ကြောင်း သိရသည်။

ယင်းအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အောက်တိုဘာ ၁၂ ရက်တွင် နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်ရဘဏ်များ၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ဘဏ်များနှင့် ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများအားတရုတ်ယွမ်ငွေကို ဝယ်ယူရောင်းချခွင့်ပြုကြောင်း ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.