Connect with us

Culture & Entertainment

နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်၍ နိုင်ငံခြားဧည့်သည်များအတွက် Information Counter ၂၇ ဖွင့်လှစ် ဆောင်ရွက်သွားမည်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် လှေစီးနေသော နိုင်ငံခြားသားခရီးသွားဧည့်သည်များအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်တွင် နိုင်ငံတကာလေကြောင်းလိုင်းများအားပြန်လည်ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ရာ နိုင်ငံတကာခရီးသွားများအတွက် လိုအပ်သော သတင်းအချက်အလက်များပေးနိုင်ရန် Information Counter ၂၇ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက ဆင်ဟွာသို့ ယနေ့ ဧပြီ ၂ ရက်တွင်ပြောသည်။
“Information Counter တွေက နဂိုကတည်းကရှိတယ်။ ဒါပေမယ့်COVID-19 ရောဂါကြောင့် ခရီးသည်တွေ နည်းပါးနေတဲ့အချိန်မှာတော့ သူ့ရဲ့ Information ကောင်တာတွေရဲ့ Function တွေက ဧည့်သည်တွေ မဝင်တော့ ပါးသွားတာပေါ့။ ဒီ Information Counter တွေကို ပြန်ပြီးစွမ်းဆောင်ရည်မြှင့်တင် ဖွင့်လှစ်ဖို့ဆောင်ရွက်တာပါ။’’ ဟု ဦးလှိုင်ဦးက ပြောသည်။

နိုင်ငံတကာမှ ရောက်ရှိလာမည့် ခရီးသွားဧည့်သည်များအတွက် လုံခြုံစိတ်ချစွာ သွားလာတည်းခိုနေထိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ခရီးစဉ်ဒေသန္တရစီမံခန့်ခွဲမှု အဖွဲ့များမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ခရီးသည်များအတွက် လိုအပ်သော သတင်းအချက်အလက်များပေးအား အချိန်နှင့်တစ်ပြေးညီ ပေးအပ်နိုင်ရန် Information Counter များမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ခရီးသည်တွေ သွားလာလို့ရတဲ့ သတင်းအချက်အလက်တွေပေါ့။ မြန်မာနိုင်ငံကိုဝင်လာတဲ့အခါ ဘယ်နေရာတွေ သွားရောက်လည်ပတ်လို့ ရသလဲပေါ့။ ပုဂံ၊ အင်းလေး၊ ငပလီစသဖြင့် အဲဒီဒေသတွေကို ဘယ်လိုသွားလို့ရသလဲ။ တစ်ပတ်ကို လေကြောင်းလိုင်း ဘယ်နှစ်လိုင်းရှိတယ်ဆိုတဲ့ Information တွေ နဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လွတ်လွတ်လပ်လပ်သွားရောက်လည်ပတ်လို့ရတဲ့နေရာတွေ၊ ခွင့်ပြုချက်နဲ့ သွားရမယ့် နေရာလေးတွေ ၊ ဟိုတယ်တွေ ရဲ့ အခြေအနေတွေ ကို ဒီ Information Counter တွေကနေ သတင်းအချက်အလက်တွေ ပေးသွားမှာဖြစ်ပါတယ်’’ ဟု ဦးလှိုင်ဦးက ဆက်ပြောသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော COVID-19 နှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများကိုလည်း ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအား သတင်းအချက်အလက်များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။“နောက်တစ်ခုက Complain တွေ၊ အခက်အခဲတွေကိုလည်း Information Counter က ကူညီဖြေရှင်းပေးသွားမှာဖြစ်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

ထို့ပြင် နိုင်ငံတကာခရီးသွားများဝင်ရောက်လာပါက အဆိုပါခရီးသွားများကို အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း (Quarantine) လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သည့် ဟိုတယ်ပေါင်း ၁၄၆ လုံး ရှိကြောင်းနှင့် ကျန်းမာရေးအရ ဘေးကင်းလုံခြုံသည့် ဝန်ဆောင်မှုပေးနိုင်သော ဒေသအဆင့် နှင့် နိုင်ငံတကာအဆင့် ဟိုတယ်ပေါင်း ၁၁၄၆ လုံးရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)