Connect with us

International Organizations

ရုရှား- ယူကရိန်း ပဋိပက္ခ နောက်ဆုံးရသတင်းအချက်အလက်များ : ကုလအကြီးအကဲ နှင့် ပူတင် ဧပြီ ၂၆ ရက်တွင် မော်စကိုမြို့၌ တွေ့ဆုံမည်

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အိုဒက်ဆာ(Odessa ) အနီးတွင်တည်ရှိသော စစ်လေယာဉ်ကွင်းတစ်ခု၏ ထောက်ပို့စင်္ကြံတစ်ခုကို ရုရှားတပ်ဖွဲ့ဝင်များက ဧပြီ ၂၃ ရက်တွင် တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ခြင်းနှင့်အတူ ရုရှား-ယူကရိန်း ပဋိပက္ခသည် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ အောက်ပါအချက်အလက်များသည် ယူကရိန်းအရေးနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို စုစည်းတင်ဆက်ထားခြင်းဖြစ် သည်။

စစ်ဒဏ်သင့် ယူကရိန်းနိုင်ငံလမ်းမထက်တစ်နေရာတွင် လုံခြုံရေးအတားအဆီးများ ချထားသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

“ ရုရှားစစ်တပ်ဟာ ဒီကနေညနေပိုင်းမှာ တိကျမှု မြင့်မားတဲ့ တာဝေးပစ် ဝေဟင်အခြေစိုက် ဒုံးကျည်တွေနဲ့ ယူကရိန်းနိုင်ငံ အိုဒက်ဆာအနီးက စစ်လေယာဉ်ကွင်းတစ်ခုရဲ့ ထောက်ပို့စင်္ကြံတစ်ခုကို တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ပါတယ် ၊ အဲဒီနေရာဟာ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေဆီက လက်ခံရရှိထားတဲ့ နိုင်ငံခြားစစ်လက်နက်များစွာကို သိုလှောင်သိမ်းဆည်းထားရာနေရာတစ်ခု ဖြစ်ပါတယ် ” ဟု ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

စစ်ဒဏ်သင့် ယူကရိန်းနိုင်ငံ၌ ပျက်စီးနေသော အဆောက်အဦများအား တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်ထိ ယူကရိန်း လေယာဉ် ၁၄၁ စင်း နှင့် ရဟတ်ယာဉ် ၁၁၀ စင်း ၊ လေကြောင်းရန် ကာကွယ်ရေးစနစ် ၂၆၄ ခု ၊ မောင်းသူမဲ့ဒရုန်း ၅၄၁ စင်း ၊ တင့်ကား နှင့် အခြားတိုက်ခိုက်ရေးယာဉ် ၂,၄၇၉ စင်း ၊ ဘက်စုံသုံး ဒုံးကျည်တိုက်ခိုက်ရေးစနစ်များ ၂၇၈ ခု ၊ အမြောက်လက်နက် ၁,၀၈၁ ခု နှင့် အထူးစစ်ဘက်သုံးယာဉ် ၂,၃၂၁ စင်းကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီဖြစ်ကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
– – – –
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် လာမည့် ဧပြီ ၂၆ ရက် နှင့် ၂၈ ရက်များတွင် ရုရှားနိုင်ငံသမ္မတဗလာတီမာ ပူတင် နှင့် ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်းစကီးတို့နှင့် အသီးသီးတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဂူတာရက်စ်သည် ဧပြီ ၂၆ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့သွားရောက်မည်ဖြစ်ပြီး ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့်အတူ “ အလုပ်သဘောဆွေးနွေးပွဲတစ်ခု နှင့် နေ့လည်စာ စားသုံးမည်ဖြစ်ကြောင်း ” ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
– – – –
ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီးက ရုရှားနိုင်ငံနှင့် ပဋိပက္ခကို အဖြေရှာရာတွင် ၎င်းအနေဖြင့် သံတမန်နည်းလမ်းကို ထောက်ခံအားပေးကြောင်း ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ယူကရိန်းသတင်းဌာန Interfax-Ukraine က ဖော်ပြခဲ့သည်။
“ သံတမန်နည်းလမ်းတစ်ခုရှိပါတယ်။ စစ်ရေး နည်းလမ်းတစ်သွယ် ရှိပါတယ်” ဟု ကိဗ်မြို့၌ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဇယ်လန်းစကီးက ပြောကြားခဲ့ပြီး သူ့အနေဖြင့် ပဋိပက္ခကို အဆုံးသတ်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
– – – –
ဆီးရီးယားစစ်သားများ သယ်ဆောင်မှုပြုလုပ်နေသည့် ရုရှားနိုင်ငံမှ အရပ်ဘက်သုံး နှင့် စစ်ဘက်သုံး လေယာဉ်များကို တူရကီနိုင်ငံက ၎င်းလေပိုင်နက်အသုံးပြုခွင့် ပိတ်ပင်လိုက်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu ၏ ပြောကြားချက်ကို ကိုးကား၍ တူရကီနိုင်ငံပိုင် TRT သတင်းဌာနက ဧပြီ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

“ ဆီးရီးယားစစ်သားတွေကို သယ်ဆောင်မှုပြုလုပ်နေတဲ့ ရုရှားစစ်လေယာဉ်တွေရော အရပ်သားလေယာဉ်တွေကိုပါ တူရကီလေပိုင်နက် အသုံးပြုခွင့် ရပ်ဆိုင်းဖို့ သဘောတူခဲ့ပါတယ်” ဟု ဥရုဂွေးနိုင်ငံသို့ သွားရောက်စဉ် လေယာဉ်ပေါ်မှနေ၍ တူရကီနိုင်ငံခြားရေးဝန်ကြီးက Cavusoglu သတင်းဌာနသို့ ပြောကြားခဲ့သည်။
– – – –
ယူကရိန်းနိုင်ငံသည် ပိတ်ဆို့ခံထားရသည့် မာရီယူပိုလ်းမြို့မှ ဒေသခံအရပ်သားများကို ဧပြီ ၂၃ ရက်တွင် ကယ်ဆယ်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က ဆိုသည်။

အမျိုးသမီးများ ၊ ကလေးသူငယ်များ နှင့် အသက်အရွယ်ကြီးရင့်သူများကို မာရီယူပိုလ်းမြို့မှ ယူကရိန်းနိုင်ငံတောင်ပိုင်း Zaporizhzhia မြို့သို့ ပြောင်းရွှေ့ကယ်ဆယ်ပေးလျက်ရှိကြောင်း ယူကရိန်းဒုတိယဝန်ကြီးချုပ်က ၎င်း၏ တယ်လီဂရမ်လူမှုကွန်ရက်မှတဆင့် ရေးသားဖော်ပြခဲ့သည်။

– – – –
အထူးစစ်ဆင်ရေးဒုတိယအဆင့်အတွင်း ရုရှားတပ်ဖွဲ့ဝင်များ၏ အဓိက လုပ်ငန်းတာဝန်များအနက် တစ်ခုမှာ “ ဒွန်းဘတ်စ်ဒေသ နဲ့ ယူကရိန်းတောင်ပိုင်းကို အပြည့်အဝထိန်းချုပ်မှု တည်ဆောက်ဖို့ ပဲဖြစ်ပါတယ်” ဟု ရုရှားနိုင်ငံ အလယ်ပိုင်းတိုင်း ဒုတိယတိုင်းမှူး Rustam Minnekaev က ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ဒွန်းဘတ်စ်ဒေသအားထိန်းချုပ်ခြင်းသည် အခြားနိုင်ငံများသို့ စိုက်ပျိုးရေး နှင့် သတ္တုထုတ်ကုန်များ တင်ပို့ရာလမ်းကြောင်းဖြစ်သည့် ပင်လယ်နက်ထွက်ပေါက်အပါအဝင် ယူကရိန်းလွှမ်းမိုးရာဒေသများ နှင့် ခရိုင်းမီးယားဒေသအကြား ရုရှားနိုင်ငံအတွက် မြေပြင်စင်္ကြံလမ်းကြောင်းတစ်ခု ဖန်တီးရန် ဖြစ်နိုင်ဖွယ်ရှိကြောင်း ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းအစည်းအဝေးတစ်ခုတွင် ဒုတိုင်းမှူး Minnekaev က ထည့်သွင်းပြောကြားခဲ့သည်။

(ကိဗ်)ယူကရိန်းနိုင်ငံအနေဖြင့် အချိန်တစ်ပတ်အတွင်း မိတ်ဖက်နိုင်ငံများနှင့်အတူ လုံခြုံရေးအာမခံချက်ဆိုင်ရာ ဆွေးနွေးပွဲကို အပြီးအစီးကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံသမ္မတ အကြံပေး Mykhailo Podolyak က ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်ဟု Interfax-Ukraine သတင်းဌာနက ဖော်ပြခဲ့သည်။
– – – –
“ စစ်လက်နက်ထောက်ပံ့မှုတွေ ၊ လေပိုင်နက် ပိတ်ဆို့မှုတွေ ၊ စစ်ရေးဆိုင်ရာအကြံပေးမှုတွေနဲ့ ထပ်တိုးစစ်လက်ပစ္စည်းကိရိယာတွေ လျင်လျင်မြန်မြန်ဝယ်ယူနိုင်ဖို့က ကျွန်တော်တို့အတွက် သိပ်ကို အရေးကြီးပါတယ် ၊ ဒီကိစ္စရပ်တွေဟာ တစ်ပတ်အတွင်း ပြီးစီးနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ” ဟု ယူကရိန်းသမ္မတအကြံပေး Podolyak ကဆိုသည်။ (Xinhua)

#Russia, #Ukraine, #conflict, #xinhua, #xinhuamyanmar, #
#ယူကရိန်း,#ရုရှား,#ပဋိပက္ခ,#ဆင်ဟွာ,#ဆင်ဟွာမြန်မာ
—————————-
(English Version)

Facts about Russia-Ukraine conflict: UN chief to meet with Putin in Moscow on Tuesday

BEIJING, April 24 (Xinhua) — The Russia-Ukraine conflict continued on Saturday as Russia’s forces destroyed a logistics terminal at a military airfield near Ukraine’s Odessa. The following are the latest developments:
“This afternoon, high-precision, long-range air-based missiles fired by the Russian Aerospace Forces disabled a logistics terminal at a military airfield near Odessa, where a large batch of foreign weapons received from the U.S. and European countries were stored,” said Russian Defense Ministry spokesman Igor Konashenkov on Saturday.
The Russian Defense Ministry also said the Russian military has destroyed 141 aircraft and 110 helicopters, 264 anti-aircraft missile systems, 541 unmanned aerial vehicles, 2,479 tanks and other armored combat vehicles, 278 multiple launch rocket systems, 1,081 field artillery and mortars, and 2,321 special military vehicles.
– – – –