Connect with us

Local

တရားမဝင် ကုန်သွယ်မှုများ တားဆီး ထိန်းချုပ်နိုင်ရေး စစ်ဆေးရေး စခန်းများ သာမက အထူးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိ

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ၏ (၁၈)ကြိမ်မြောက် ပုံမှန် တွေ့ဆုံပွဲ ကျင်းပစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

တရားမဝင် ကုန်သွယ်မှုများကို တားဆီး ထိန်းချုပ်နိုင်ရေး အတွက် ရေပူ နှင့် မရမ်းချောင် ကုန်ပစ္စည်း စစ်ဆေးရေး စခန်းများတွင် သာမက နယ်စပ်ဒေသ နှင့် ထိစပ်လျက် ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် အထူးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် နယ်စပ်မှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် ပြည်တွင်း အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲခြင်း၊ တရား မဝင်ကုန်ပစ္စည်းများသည် နိုင်ငံတော်သို့ အခွန်ပေးဆောင်ခြင်း မရှိသည့် အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နည်းပညာနှင့် ဈေးကွက်ယှဉ်ပြိုင်မှု အခက်အခဲ ဖြစ်ပေါ်နေခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းက ဇူလိုင် ၆ ရက်တွင် ပြုလုပ်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ၏ (၁၈)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ပကုန်သွယ်မှု၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃.၅၂ ဘီလီယံ အထိ ဆောင်ရွက် နိုင်ခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ ၂၇.၂၄ ဘီလီယံ ရှိပြီး ရာခိုင်နှုန်း အားဖြင့် ၈၁ ရာခိုင်နှုန်း အထိ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။

ထို့အတူ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၂ ရက် အထိ ကိန်းဂဏန်းများအရ ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၇.၉၈၃ ဘီလီယံအထိ ရရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ ၉၇၇ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုအနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန် ဒေါ်လာ ၆.၉၂၄ ဘီလီယံ ပါဝင် သည့် အတွက် ရာခိုင်နှုန်း အားဖြင့် ၈၇ ရာခိုင်နှုန်း အထိ ပိုမို တိုးတက် ဆောင်ရွက် နိုင်သည်ကို တွေ့ရှိရကြောင်း သိရသည်။

ထိုတွေ့ဆုံ ဆွေးနွေးပွဲတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် သက်မွေး ပညာသင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည့် အခြေအနေများ ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ လုပ်ငန်း ကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ လက်လီရောင်း ချသူများအသင်း၊ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ လက်မှုအနုပညာအသင်းတို့မှ တာဝန်ရှိသူများတက် ရောက်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.