Connect with us

Local

ထိုင်းနိုင်ငံသို့ ရေလုပ်သားစေလွှတ်ရန် ကော့သောင်းမြို့တွင် ရွှေ့ပြောင်းလုပ်သားရုံး ဖွင့်မည်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေ အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ရေလုပ်သား ၄၂၆၀၀ ကျော်အတွက် မြန်မာ လုပ်သားများအား MoU စနစ်ဖြင့် စေလွှတ်နိုင်ရန် ကော့သောင်းမြို့တွင် ရွှေ့ပြောင်း အလုပ်သမားရုံး ဖွင့်လှစ်မည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယနေ့ညနေပိုင်းတွင် ပြောခဲ့သည်။

“ကော့သောင်းမြို့ဟာ မြန်မာ-ထိုင်းနယ်စပ်မြို့ ဖြစ်တဲ့ အပြင် မြန်မာရေလုပ်သားအများဆုံး ၇ှိတဲ့ မြို့လည်း ဖြစ်ပါတယ်၊ ဒါကြောင့် ကော့သောင်းမြို့မှာ ရွှေ့ပြောင်း အလုပ်သမားရုံး ဖွင့်လှစ်ပြီး One Stop Service အနေနဲ့ ဆောင်ရွက်ပေးသွားပါမယ်၊ MoU လုပ်ငန်းစဉ် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ဘက်က အလုပ်အကိုင်အေဂျင်စီများမှတစ်ဆင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ အခု လကုန်လောက်မှာ စပြီး ဖွင့်နိုင်အောင် စီစဉ်နေပါတယ်” ဟု နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန်ကြီးနှင့် မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

မန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးကြစဉ် (ဆင်ဟွာ)

ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသော အထောက်အထားမဲ့ မြန်မာ ရေလုပ်သားများ၊ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်း၊သို့မဟုတ် သက်သေခံ လက်မှတ် (CI) ကုန်ဆုံးတော့မည့် ရေလုပ်သားများနှင့် ပြည်ဝင်ခွင့် ဗီဇာ သက်တမ်း ကုန်ဆုံးတော့မည့် မြန်မာ ရေလုပ်သားများ လက်ရှိ အလုပ်တွင် ဆက်လက် လုပ်ကိုင်နိုင်စေရန် MoU စနစ်ဖြင့် ပြန်လည် စေလွှတ်ပေးမည် ဖြစ်ပြီး ရေလုပ်သားများ၏ အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်မငများ အပြည့်အ၀ ရရှိနိုင်ရေး ထိုင်း နိုင်ငံမှ အာမခံချက်များ ပေးမှုအပေါ် နိုင်ငံအတွင်းရှိ ရေလုပ်သားများ၏ အလုပ်အကိုင် အခွင့် အလမ်းကိုရှေ့ရှု၍ MoUစနစ်ဖြင့် ရေလုပ်သား စေလွှတ်ခြင်းကို Pilot Project အနေဖြင့် အစပျိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံမှ ပေးပို့သည့်စာရင်းအရ ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်လျက်ရှိသော မြန်မာ ရေလုပ်သား စုစုပေါင်း ၁၄၅,၂၆၆ ဦး ရှိကြောင်း၊ ရေလုပ်သား ၄၁,၁၂၅ ဦး၊ရေလုပ်ငန်းနှင်းနှင့် ဆက်စပ်လုပ်ငန်းများတွင် ၄၅,၄၀၀ ဦး၊ ရေထွက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများတွင် ၅၁၇၄၁ ဦးတို့ ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)