Connect with us

Local

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆောင်ရွက်ဆဲလုပ်ငန်းများမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် လုပ်ငန်းသစ် ၁၂ ခု ခွင့်ပြု

ပဲခူးတိုင်းဒေသကြီး အတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ အလုပ်သမားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း ၁၉ ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ ၊ အခြား ဝန်ဆောင်မှု ကဏ္ဍ နှင့် ဟိုတယ်ကဏ္ဍ တို့မှ လုပ်ငန်းသစ် ၁၂ ခုကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ  ၅၀၁.၉၁၃ သန်း နှင့် ကျပ် ၇၃,၄၃၅.၃၃၂  သန်း ရှိပြီး ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆,၆၁၈ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံပေါင်း ၅၀ မှ စီးပွား ရေးကဏ္ဍ ၁၂ ခု တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၀၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း ၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄.၀၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ  စီးပွားရေး ကဏ္ဍ ၁၂ ခုတွင်  ကဏ္ဍအလိုက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုမှာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု လုပ်ငန်းပေါင်း ၁,၉၀၉ ခုတွင် စုစုပေါင်း အမေရိကန် ဒေါ်လာ ၈၃ ဘီလီယံကျော်  ရှိပြီး ကဏ္ဍအလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ခွင့်ပြုလုပ်ငန်းပေါင်း ၁၆၆၃ ခုတွင် ရင်းနှီး မြှုပ်နှံမှု ပမာဏ ကျပ်ဘီလီယံပေါင်း ၂၀,၁၂၂ ဒသမ ၈၉၇ ရှိကြောင်း သိရသည်။ (Xinhua)