Connect with us

Local

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း ဖွဲ့စည်း

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း စတင် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ- UMFCCI)

ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း(MEEA) အား တိုင်းရင်းသား မျိုးနွယ်စု (၈) မျိုးအား အခြေခံပြီး မျိုးနွယ်စု တစ်ခုချင်းစီအလိုက် မဲပေးစနစ်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် စုစုပေါင်း ၂၇ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အသင်း နာယက အဖြစ် ပါမောက္ခဒေါက်တာ အောင်ထွန်းသက် ၊ ဥက္ကဋ္ဌ အဖြစ် ဦးယောဆက် နှင့် အထွေထွေ အတွင်းရေးမှူး အဖြစ် ဦးမင်းဗညားစံ တို့ပါဝင်ကြောင်း သိရသည်။

အသင်းဥက္ကဋ္ဌ ဦးယောဆက်က အသင်းကို တိုင်းရင်းသား ၁၃၅ မျိုးလုံး၏ ဘဝ တစ်ခုလုံး အောင်မြင်နိုင်သည်အထိ ဖွဲ့စည်းရန် ရင်ထဲရှိကြောင်း ၊ တိုင်းရင်းသားလူမျိုးများ၏ နိမ့်ကျနေသည့် ဘဝများကို အထိုက်အလျောက် တိုးတက်အောင် လုပ်ဆောင်နိုင်ရန် မျှော်လင့်ကာ ကြိုးစားသွားမည်ဟု အသင်း စတင် မိတ်ဆက်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့အတူ စီးပွားရေး နှင့် ပတ်သက်ပြီး အတွေ့အကြုံရှိသော လုပ်ငန်းရှင်များမှလည်း ဝိုင်းဝန်း အကြံဉာဏ်များ ပေးကြရန် နှင့် ပံ့ပိုး ကူညီပေးကြရန် ၎င်းက ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း နာယက ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က အသင်း၏ အခြေခံသည် ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် အသင်းကြီး ဖြစ်ရန် ၊ မိမိတို့ ယဉ်ကျေးမှု ၊ ဓလေ့ထုံးစံ တို့ကို အခြေခံပြီး စီးပွားရေး လုပ်ဆောင်ကြရန် ပြောကြားခဲ့သည်။

ထို့ပြင် စီးပွားရေးလုပ်ကိုင် ဆောင်ရွက်နေသော တိုင်းရင်းသားလုပ်ငန်းရှင်များကို ကူညီသည့် အသင်းဖြစ်အောင် ကြိုးစားပေးရန် ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း စတင် မိတ်ဆက်ခြင်း အခမ်းအနားအား ဇူလိုင် ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၌ ပြုလုပ်ခဲ့ရာ တိုင်းရင်းသား လူမျိုး ရေးရာ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင် ၊ EAO လက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များ ၊ UMFCCI နှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်နှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိုအသင်းအား မတ်လတွင် ဖွဲ့စည်းထားပြီး တိုင်းရင်းသားကိုယ်စားလှယ် ၂၇ ဦးဖွဲ့စည်းထားသော သင်းဖွဲ့ စည်းမျဉ်း ရေးဖွဲ့ပြီး ဖြစ်ပြီး အသင်းအနေဖြင့် ရှေ့လာမည့် ၁၈ လအတွင်း အသင်းသားရနိုင်သမျှစုစည်း၍ အသင်းညီလာခံခေါ်ပြီး အလုပ် အမှုဆောင် အသစ်များကို ထပ်မံရွေးကောက် တင်မြှောက်၍ ပုံမှန် လည်ပတ်ခြင်း တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)