Local
ရန်ကုန်မီးရထားဘူတာကြီးဝင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာ ၂ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်မီးရထားဘူတာကြီးဝင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အဆိုပါ ဘူတာကြီးပြင်ဆင်ရေးအတွက် ဦးစားပေးညှိနှိုင်းမှု ပြုရန် ရွေးချယ်ခံရသော Central Transport Development Consortium (CTDC) ကထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ဘူတာကြီးဝင်း ဘက်စုံစီမံကိန်း (mix-use development) တစ်ခုလုံးတွင် ကြမ်းခင်း ဧရိယာ စတုရန်း မီတာ (၁.၀၉) သန်း ကျယ်ဝန်းပြီး ဇုန် (၆) ခုပါဝင်မည်ဖြစ်ကြောင်း ထိုဇုန်များတွင် ညီနောင်တာဝါ ရုံးခန်းအဆောက်အဦများ၊ အိမ်ယာများ၊ ဟိုတယ်များနှင့် ဝန်ဆောင် မှုပါတိုက်ခန်းများ၊ စိမ်းလန်းစိုပြည်နေမည့် အများပြည်သူအတွက်ပန်းခြံနှင့် ပြတိုက်တို့ ပါဝင် မည်ဖြစ်ကြောင်း၊ ယင်း ဘက်စုံစီမံကိန်း တည်ဆောက်မှုသည် ခန့်မှန်း ၈နှစ်ခန့်ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်း စီမံကိန်းသည် အများပြည်သူ တန်ဖိုးထားသည့် ၁၉၅၄ ခုနှစ်က တည်ဆောက်ခဲ့သော လက်ရှိရန်ကုန် ဘူတာကြီးအဆောက်အအုံကိုလည်း ရှေးမူမပျက် ထိန်းသိမ်းသွားမည်ဖြစ်ပြီး (၂၁) ရာစု၏ နောက်ဆုံးပေါ်လက်ရာတစ်ခုအဖြစ် အထင်ကရဖြစ်လာမည့် ဗိသုကာအခေါ် ‘rotunda’ ဟု ခေါ်သည့် ဘဲဥပုံသဏ္ဍာန်အမိုးခုံးနှင့် မီးရထားဘူတာရုံအသစ်တို့ကိုလည်း မီးရထားလမ်းပေါ် တွင်အုပ်မိုး၍ ထပ်မံဆောက်လုပ်မည်ဖြစ်ရာ အဟောင်းနှင့်အသစ်တစ်ခုနှင့်တစ်ခု ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
Central Transport Development Consortium သည် လုပ်ငန်းကျွမ်းကျင်သော ပြည်တွင်းကုမ္ပဏီ တစ်ခုနှင့် ပြည်ပကုမ္ပဏီ ၂ခု စုစုပေါင်း ကုမ္ပဏီ(၃) ခုကိုပေါင်းစပ်ဖွဲ့စည်းထားသည်။(Xinhua)