Connect with us

Local

ရွှေတိဂုံနှင့် ကျိုက်ထီးရိုးစေတီတော် ၂၀၁၇ -၁၈ တွင် အလှူငွေ ကျပ် ၁၅ ဘီလျံခွဲကျော်ရရှိ

ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်မြတ်အား ဖူးတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေလ ၂၅ ရက် (ဆင်ဟွာ)

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်နှင့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တို့၏ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွင်း အလှူခံရရှိငွေမှာ ကျပ် ၁၅ ဒသမ ၇၄ဘီလျံကျော် ရရှိခဲ့သည်ဟု သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက ယနေ့ သတင်းစာ ရှင်းပွဲတွင် ပြောခဲ့ သည်။

“ရွှေတိဂုံစေတီတော်ကြီး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ လုပ်ပြီးနောက်မှာ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ အလှူခံရရှိငွေပေါင်းက ကျပ် ၈,၁၃၆,၂၁၁,၅၀၆ ဒသမ ၇၀ ဖြစ်ပါတယ်၊ ဆံတော်၇ှင် ကျိုက်ထီးရိုးစေတီတော်မှာလည်း ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ အလှူခံရရှိငွေပေါင်း ကျပ် ၇,၆၁၃,၃၄၃,၂၂၃ ဒသမ ၄၃ ရရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအား အားပေး ချီးမြှောက် လျက်ရှိရာ ၂၀၁၇ – ၁၈ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းပေါင်း ၁,၅၄၇ ကျောင်းရှိ ကျောင်းသား ကျောင်းသူ ၃၀၉,၂၇၃ တို့အား သင်ကြားပေးနေသည့် ဆရာ ဆရာမ ၇,၈၆၂ ဦးအတွက် မူလတန်းပြ တစ်ဦးလျှင် ၃၆,၀၀၀ ကျပ်နှုန်း၊ မူလတန်းလွန်နှင့် အလယ်တန်းပြ တစ်ဦး – ၄၁,၀၀၀ ကျပ်နှုန်း၊ အထက်တန်းပြတစ်ဦး – ၄၅,၀၀၀ ကျပ်နှုန်း လစဉ်ထောက်ပံ့ခဲ့ရာ ယခု တစ်နှစ်တာအတွင်း ငွေကျပ် ၁၄၀,၆၈၁,၀၀၀ ထောက်ပံ့နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ထို့အတူ အခြားဘာသာများအားလည်း ကူညီ ထောက်ပံ့လျက်ရှိရာ မြန်မာနိုင်ငံရှိ ဟိန္ဒူဘာသာ ဝင်များ၊ ပရိုတက်စတင့် ခရစ်ယာန်နှင့် ကက်သလစ် ခရစ်ယာန်ဘာသာဝင်များသို့ ထောက်ပံ့လှူဒါန်းငွေ စုစုပေါင်း ၂,၃၂၅,၀၀၀ ကျပ် ပေးအပ်ခဲ့ကြောင်း၊သမန္တန ဓမ္မပါလက ဟိန္ဒူအဖွဲ့ချုပ်၊ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ် အဖွဲ့ချုပ်တို့နှင့် ဒဂုံမြို့နယ်၇ှိ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော် မေရီချက်ပ်မင်း နားမကြားသော ကလေးများ သင်တန်းကျောင်း၊ သင်္ကန်းကျွန်းမြို့နယ်ရှိအစ္စလာမ် ဘိုးဘွားရိပ်သာ တို့အတွက် ငွေကျပ် သိန်း ငါးဆယ်စီ သွားရောက်လှူဒါန်းခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ သည်။

ဝန်ကြီးဌာန၏ ငွေလှူဒါန်းမှုများနှင့် ပတ်သက်ပြီး ၂၀၁၈ မတ်လ ၁ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပွဲ အခမ်းအနား၌ သံဃာတော် ၁၉၉ ပါး၊ သီလရှင် ကိုးပါး၊ လူ ပုဂ္ဂိုလ် အမျိုးသား အမျိုးသမီး ၆၀ ဦး တို့အား ဘွဲ့တံဆိပ်များ ဆက်ကပ် အပ်နှင်းအပြီး ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် လှူဒါန်းမှု တန်ဖိုးမှာ ပစ္စည်းတန်ဖိုး ကျပ်၁,၆၆၄ သိန်း၊ ငွေသား ကျပ် ၁,၅၇၆ သိန်း စုစုပေါင်း ကျပ် ၃,၂၄၀သိန်း ဖြစ်ကြောင်းသိရသည်။ (Xinhua)