Connect with us

Local

COVID-19 အလွန်တွင် မြန်မာ-တရုတ်နယ်စပ်မျဉ်းအနီး အီမောဘွန်ရေခဲတောင်သို့ ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်နိုင်ရန်စီစဉ်လျက်ရှိ

အီမောဘွန်းရေခဲတောင်တွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသည့် မိန်းကလေးတစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ-ကချင်ပြည်နယ်ခရီးသွားလုပ်ငန်းကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာ-တရုတ်နယ်စပ်မျဉ်းအနီး ဖီမော်နှင့်ဆော့လော်ကျေးရွာကြားရှိ အီမောဘွန်ရေခဲတောင်သို့ ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသသစ်တစ်ခု ကို COVID-19 အလွန်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးဦးခိုင်ဝင်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားသည်။

“ကချင်ပြည်နယ်ရဲ့ ဒေသခံခရီးသွားလုပ်ငန်းကော်မတီတတ်သိပညာရှင်တွေရယ်၊ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး အီမောဘွန် ရေခဲအစပ်ကို ကျွန်တော်တို့သွားပြီးလေ့လာခဲ့တာပါ။ မြစ်ကြီးနားကနေ ချီဖွေအထိက ၈၈ မိုင်ရှိပါတယ် ၊ မိုင် ၄၀ကျော်လောက်က မေခမြစ် မြစ်ကမ်းဘေးအတိုင်းသွားတာပါ။ ခရီးသွားချိန်က မြစ်ကြီးနားကနေ ချီဖွေအထိ၃နာရီခွဲကြာပါတယ်။ ချီဖွေကနေ ဖီမော်က ၆၉ မိုင်ပါ။ တောင်ပေါ်မြေသားလမ်းပါ။ ၆ နာရီလောက် ထပ်သွားရပါတယ်။ မြစ်ကြီးနားကနေ ဖီမော်အထိ စုစုပေါင်းကြာချိန်က ၉ နာရီခွဲလောက်ခရီးစဉ် ကြာပါတယ်’’ ဟု ၎င်းက ဆိုသည်။

ဖီမော်မှ အီမောဘွန်းတောင်ခြေသို့ ၂:၃၀နာရီခန့် ကားနှင့် ဆက်သွားရကြောင်း ဆိုသည်။ တောင်ခြေရေခဲအစပ်သို့ ရောက်၍ မိနစ် ၂၀ ခန့် လမ်းလျှောက်ပါက ရေခဲပြင်အစပ်သို့ရောက်ရှိကြောင်း နှင့် ရေခဲထုမှာ ပျမ်းမျှ ၂ ပေမှ ၆ ပေခန့် အထိရှိကြောင်း သိရသည်။

“ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုတွေထိန်းသိမ်းရေး၊ ဒေသခံတွေ အလုပ်အကိုင်အခွင့်ခလန်းအသစ်တွေ ရရှိစေရေးအတွက် ရည်ရွယ်ပြီး ခရီးစဉ်ဒေသအသစ်အတွက် ဖော်ဆောင်မှာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်စည်းကမ်းတွေနဲ့ အညီ COVID-19 အလွန်မှာ ခရီးစဉ်ဒေသသစ်ဖော်ဆောင်ဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ’’ ဟု ဦးခိုင်ဝင်းကဆက်ပြောသည်။

ယင်းဒေသအား ခရီးသွားလာခွင့်ပြုပါက ပြည်တွင်း ခရီးသွားများကို လည်ပတ်ခွင့်ပြုနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ယင်းဒေသ၌ အခန်း ၃၂ ခန်းပါ ဟိုတယ် ၁ လုံးနှင့် အခန်း ၁၃ ခန်းပါ တည်းခိုရိပ်သာ တစ်ခုရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ခရီးသွားလုပ်ငန်းကော်မတီ တတ်သိပညာရှင် ဦဝင်းတင်က “ရေခဲတောင်ကို နီးနီးနားနားသွားလို့ရတယ်။ ပူတာအိုဘက်ကိုသွားရင် ပူတာအိုဘက်ကနေ ၃ ရက်လောက်လမ်းလျှောက်မှ ရေခဲတောင်ကို ရောက်တာ။ အီမောဘွန်ကတောင်။ သူက ဆောင်းရာသီဆိုရေခဲစပြီးကျပြီ။ ရေခဲကို နင်းချင်တယ်။ ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေတယ်။တောင်တက်ချင်ရင်လည်း တောင်ကတိုတယ်။ ဒီတောင်က ပူတာအိုနဲ့တဆက်တည်းမှာပါတယ်။’’ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယင်းရေခဲတောင် ဒေသသည် တစ်နှစ်ပတ်လုံး ရေခဲများ ဖုံးလွှမ်းနေခြင်း မဟုတ်ဘဲ ဆောင်းတွင်းကာလဖြစ်သည့် နိုဝင်ဘာလမှ မိုးမကျခင်အချိန်အထိ ရေခဲများ ဖုံးလွှမ်း နေခြင်းဖြစ်ကြောင်း၊ COVID-19 အလွန် ခရီးသွားလာခွင့် ပြန်လည်ခွင့်ပြုသည့်အချိန်တွင် ပြည်တွင်း ခရီးသွားများကို လည်ပတ်ခွင့်ပြုနိုင်ရန် စီစဉ်ထားကြောင်း ဦးဝင်းတင်က ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)