Connect with us

Local

မြန်မာ့အပြည်ပြည်ဆိုင်ရာ ယာဉ်အပိုပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကားပိုင်းဆိုင်ရာပြပွဲ နှင့် အီလက်ထရောနစ်နည်းပညာနှင့် လျှပ်စစ်စွမ်းအင်ပိုင်းဆိုင်ရာပြပွဲ ဒီဇင်ဘာလလယ်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်

အွန်လိုင်းကုန်စည်ပြပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ - စီးပွါးကူးသန်း)

ရန်ကုန်၊ဒီဇင်ဘာ ၁၀ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ ပြည့်နှစ်၊ မြန်မာ့အပြည်ပြည်ဆိုင်ရာယာဉ်အပိုပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကားပိုင်းဆိုင်ရာပြပွဲ နှင့် အီလက်ထရောနစ်နည်းပညာနှင့် လျှပ်စစ်စွမ်းအင်ပိုင်းဆိုင်ရာပြပွဲ ကို ပထမဦးဆုံးအကြိမ်အဖြစ် အွန်လိုင်းဒီဂျစ်တယ်ပြပွဲအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားသည်။

“ဒီပွဲက အွန်လိုင်းကနေပဲလုပ်တာဖြစ်ပါတယ်။ COVID-19 ကာလဖြစ်လို့ ကျွန်မတို့တွေ အနေနဲ့ အွန်လိုင်းကိုပဲ အသုံးပြုရမှာဖြစ်တယ်။လုပ်ငန်းရှင်တွေအနေနဲ့လည်း ဒီလိုအွန်လိုင်းလုပ်တဲ့ပွဲတွေက အကျိုးသက်ရောက်မှုရှိတာတွေ့ရပါတယ်’’ ဟု ၎င်းကဆိုသည်။

ယင်းပြပွဲတွင်တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၅) နိုင်ငံမှ လုပ်ငန်းရှင်ပေါင်း(၅၀) ကျော်က အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ပစ္စည်းအသစ်များကို သီးသန့်ပြသသွားမည့် အစီအစဉ်များနှင့် သက်ဆိုင်ရာစီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်ဆိုင်ရာ သီးသန့်အခန်းများပါဝင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာမှ ဝင်ရောက်လေ့လာသူပေါင်း (၁,၅၀ဝ) ကျော်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုပြပွဲအား နံနက် ၉:ဝ၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါကဖုန်း 01-860 3461 (သို့) 01-9010753 သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။ (Xinhua)