Local
ဘဏ္ဍာနှစ် ကုန်ဆုံးတော့မည် ဖြစ်သဖြင့် ကြိုတင် ဝင်ငွေခွန်ကို မပျက်မကွက် အချိန်မီ ပေးသွင်းကြရန် ထပ်မံ အသိပေး နှိုးဆော်
ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် ရက်ပိုင်းမျှသာ လိုပါတော့သဖြင့် ပေးသွင်းရမည့် ကြိုတင် ဝင်ငွေခွန်ကို မပျက်မကွက် အချိန်မီ ပေးသွင်းကြရန် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထပ်မံ အသိပေး နှိုးဆော်ခဲ့သည်။
အခွန်ထမ်းဆောင်သူ အများအပြား နှစ်စဉ် ပျက်ကွက်မှုများ ရှိနေသည့် အတွက် ဒဏ်ငွေ သတ်မှတ်ခြင်းမျိုး မဖြစ်စေလိုဘဲ အခွန်ထမ်းဆောင်သည့် ယဉ်ကျေးမှုများ တိုးတက် စေချင်သည့် အသိပေး နှိုးဆော်ခြင်းများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးသန်းဇော်ဝင်းက ဆင်ဟွာ သတင်းဌာနသို့ယနေ့မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဝင်ငွေခွန် ထမ်းဆောင်ရခြင်း နှင့် ပတ်သက်၍ “အခွန်ထမ်း စီးပွားရေး လုပ်ငန်းတွေနဲ့ပိုပြီး ပတ်သက်တယ်။ လစာရ ဝင်ငွေကို အခွန်ဆောင်တဲ့ ကိစ္စမျိုးဆိုရင်တော့ လခ ထုတ်ပေးတဲ့ သူနဲ့ပဲ သက်ဆိုင်ပါတယ်။”ဟု ညွှန်ကြားရေးမှုး ဦးသန်းဇော်ဝင်းက ပြောသည်။
သတ်မှတ်ကာလ အတွင်း ပေးသွင်းရန် ပျက်ကွက်ခြင်း ၊ လျော့နည်း ပေးသွင်းခြင်းများ ပေါ်ပေါက်ပါက ယင်းပျက်ကွက်သည့် ငွေ သို့မဟုတ် လျော့နည်းငွေ၏ တစ်ဆယ် ရာခိုင်နှုန်း နှင့် ညီမျှသောငွေကို ဒဏ်ငွေ အဖြစ် ပေးဆောင်စေရမည်ဟု ဝင်ငွေခွန် ဥပဒေတွင် ပြဌာန်းထားသည်။
“အခွန်ထမ်း ပြည်သူတွေ လိုက်နာဆောင်ရွက်မှု တိုးတက် လာစေဖို့အသိပေးတယ်။ နှိုးဆော်ပေးတယ်။ ဒီလို နှိုးဆော်ပေးရတဲ့ ရည်ရွယ်ချက်က အခွန်ထမ်းတွေ လိုက်နာနိုင်စေချင်လို့ပဲ။ အခွန်ပေါ်မှာ ဒဏ်ငွေတွေ ထပ်မဆင့်စေချင်ဘူး။”ဟု ညွှန်ကြားရေးမှုး ဦးသန်းဇော်ဝင်းက ထည့်သွင်း ပြောကြားသည်။
ဝင်ငွေနှစ် တစ်နှစ် အတွင်း ရရှိသည့် စုစုပေါင်း ဝင်ငွေကို ခန့်မှန်း တွက်ချက်၍ ယင်းအပေါ် ကျသင့်သည့် အခွန်ငွေများကို (ကြိုတင်ခွန်)အဖြစ် သက်ဆိုင်ရာ ဝင်ငွေနှစ် အတွင်း ပေးသွင်းရမည် ဖြစ်ကြောင်း တည်ဆဲ ဝင်ငွေခွန် ဥပဒေတွင် ပြဌာန်းထားသည်။ (Xinhua)