Local
ရေနံသဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှင့် စက်မှုလုပ်ငန်း များတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြား
ရန်ကုန် ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ ရေနံသဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှင့် စက်မှုလုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားကြောင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံမှ အများဆုံး လာရောက်မြှုပ်နှံပြီး စင်ကာပူနိုင်ငံ ၊ ကိုရီးယား၊ ဟောင်ကောင်နှင့် အာရှနိုင်ငံများမှလည်း ရင်းနှီးမြှုပ်နှံကြကြောင်း ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် လေးနှစ်ခွဲကာလအတွင်း အလုပ်အကိုင် သုံးသိန်းကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခု အစိုးရလက်ထက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအနက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ စက်တင်ဘာလအထိ လေးနှစ်ခွဲအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော် ရှိပြီး ရင်းနှီးမြှုပ်နံှမှုပမာဏ၏ ၃၃ ရာခိုင်နှုန်း ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း ၊ ပြည်တွင်းရင်းနှီးမြှုပ်နံှမှုပမာဏမှာ ကျပ် ၃၈ ထရီလီယံကျော်ရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နံှမှုပမာဏ၏ ၆၇ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ အထူးစီးပွားရေးဇုန် ၃ ခု အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သီလဝါ အထူး စီးပွားရေး ဇုန်တွင် နိုင်ငံပေါင်း (၁၂) နိုင်ငံမှ ကုမ္ပဏီ ၄၈ ခုအား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့် ထုတ်ပေးခဲ့ပြီး ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း မှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)