Economy
တရုတ်ပြည်သို့ မြန်မာဆန် တင်ပို့ရန် ပထမစာချုပ် လက်မှတ်ထိုး
![အလုပ်သမားတစ်ဦး ဆန်သိုလှောင်ရုံတွင် အလုပ်လုပ်နေစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2015/02/images_china_2015_02_02_20150202-id-100.jpg)
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
တရုတ်ပြည်သို့ မြန်မာဆန် တန်ချိန် တစ်သိန်း တင်ပို့ရန် ပထမစာချုပ်ကို မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် နှင့် တရုတ်နိုင်ငံ အစိုးရပိုင် China National Cereals, Oils and Foodstuffs Corporation (COFCO) တို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးလိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
တရုတ်ပြည်သို့ တင်ပို့သော မြန်မာဆန်အရည်အသွေး ပြည့်မီလျှင် လက်ရှိ လက်မှတ်ရေးထိုး ထားသော တန်ချိန်ထက် ပိုမို ဝယ်ယူမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့ရန် လျာထားသည်။
အဆိုပါ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတွင် တရုတ်နိုင်ငံမှ ကြိုက်နှစ်သက်သော ဆန်အရည်အသွေးနှင့် အမျိုးအစားကို စိုက်ပျိုးထုတ်လုပ် ကြိတ်ခွဲတင်ပို့ ရောင်းချနိုင်ရေးအတွက် စနစ်တကျ ပြင်ဆင်ဆောင်ရွက်သွားရန် စသောကိစ္စများလည်း ထည့်သွင်း လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် COFCO တို့ အကြား ဆန်တန်ချိန် (၁) သိန်းကို ဝယ်ယူရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ (MOU) အရ တရုတ်နိုင်ငံ General Administration of Quality Supervision, Inspection and Quarantine (AQSIQ) နှင့် လုပ်ငန်းများ ပြီးပြတ်သည့် အချိန်မှ စတင်ပြီး ဈေးကွက် ပေါက်ဈေးအတိုင်း ဝယ်ယူမည် ဖြစ်သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားပြုပြင် ပြောင်းလဲရေး ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Liu Xiao Nan နှင့် တရုတ်နိုင်ငံ အစိုးရပိုင် COFCO မှ အကြီးအကဲ Mdm.Yang Hong တို့သည် မြန်မာနိုင်ငံသို့ လေးရက်ကြာ လာရောက်ပြီး နားလည်မှု စာချွန်လွှာရေး ထိုးခဲ့သည်။
ထိုပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား ဆန်စပါးကဏ္ဍတွင် လက်တွဲ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း များပေါ်ပေါက်လာပြီး ရေရှည်အတွက် အကျိုးရှိနိုင်သော ခိုင်မာသည့် ဈေးကွက်ဝေစု ရရှိရေးအပေါ် အကျိုးပြုနိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ ရောင်းချခြင်း ကိစ္စနှင့် အဆိုပါလုပ်ငန်းတွင် အသေးစားနှင့် အလတ်စား ကုမ္ပဏီများ အပါအဝင် စိတ်ပါဝင်စားသည့် ဆန်စက်ပိုင်ရှင်များ ၊ ဆန်ကုန်သည်များနှင့် ဆန်စပါးအထူးပြု ကုမ္ပဏီများ အားလုံးပါဝင် ဆောင်ရွက်၊ ရောင်းချနိုင်သည့် ဈေးကွက်ပုံသဏ္ဍာန် ဖြစ်ပေါ်အောင် ဖော်ဆောင်သွားမည် ဖြစ်သည်။
ယခင်နှစ်က ပြည်ပသို့ ဆန်တင်ပို့မှုမှာ တန်ချိန် (၁၂) သိန်းခန့်သာရှိပြီး ယခုဘဏ္ဍာ နှစ်တွင် တရုတ်နိုင်ငံသို့ ပထမအကြိမ် အဖြစ် ဇန်နဝါရီလ ၌ တန်ချိန်နှစ်သိန်း၊ ဒုတိယအကြိမ် တန်ချိန် လေးသိန်း တင်ပို့ရန် စီစဉ်ထားသည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် နှစ်နိုင်ငံသဘောတူညီချက်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)