Connect with us

Politics, Law & Military

သံတမန်စစ်ခင်းမှုက အမေရိကန်၏ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းလာခြင်းကို ပေါ်လွင်စေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဩဂုတ် ၅ ရက် ဆင်ဟွာသတင်းဌာန၏ သီးသန့် တွေ့ဆုံမေးမြန်းမှုတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)

သံခင်းတမန်ခင်း စစ်ခင်းမှုသည် အမေရိကန်အနေဖြင့် မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းလာခြင်းကို ဖော်ပြနေသည်မှာ ပေါ်လွင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ဩဂုတ် ၅ ရက်က ဆင်ဟွာ သတင်းဌာနနှင့် ပြုလုပ်သော သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ 

“ဟူစတန်မြို့ရှိ တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးဟာ တရုတ်-အမေရိကန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံက အမေရိကန်မှာ ပထမဆုံး ဖွင့်လှစ်တဲ့ ကောင်စစ်ဝန်ရုံးဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရဲ့ အရေးကြီးတဲ့ ပြယုဂ်ဖြစ်ပါတယ်။ ဒီလိုမျိုး သမိုင်းနှင့်လက်တွေ့ အနက်အဓိပ္ပါယ်ရှိတဲ့ ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းလိုက်ခြင်းဟာ တရုတ်-အမေရိကန် ပြည်သူတွေအကြား အပြန်အလှန်ဆက်သွယ်ဆွေးနွေး နားလည်မှု ပြတင်းပေါက်တစ်ချပ် ပိတ်လိုက်ခြင်းဖြစ်သလို နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကိုပါ ထိခိုက်စေပါတယ်။ အမေရိကန်ရဲ့ အကြောင်းပြချက်အားလုံးဟာလည်း အပြစ်ဖို့လိုဇောနဲ့ ယုတ္တိတန်မဲ့ လျှောက်ပြောခြင်းသာဖြစ်ပြီး စိစစ်နိုင်မယ့် သက်သေအထောက်အထားတစ်ခုမှ မရှိဘူး ”ဟု ဝမ်ရိက ပြောကြားခဲ့သည်။

အမေရိကန်၏ မာနထောင်လွှား ဆင်ခြင်တုံတရားကင်းမဲ့မှုကို တရုတ်နိုင်ငံကလည်း ထိုင်ကြည့်နေမည်မဟုတ်ဘဲ အခြေအနေ၊ အကျိုးအကြောင်း လျော်ညီစွာ တရားဥပဒေနှင့်အညီ တန်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းသည် သံတမန်ဆက်ဆံရေး လုပ်ထုံးလုပ်နည်းများနှင့်လုံးဝ ကိုက်ညီကြောင်း ဝမ်ရိက ဆိုသည်။

“တရုတ်နိုင်ငံက အမေရိကန်နဲ့ ဘာသံတမန်စစ်ခင်းဖို့မှ ဆန္ဒမရှိသလို စိတ်လည်းမဝင်စားပါဘူး။ဘာဖြစ်လို့လဲဆိုတော့  ဒါက နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားကို ပိုပြီး ထိခိုက်နစ်နာမှုသာ ဖြစ်စေမှာမို့လို့ပါ။”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 

သံတမန်စစ်ခင်းမှုသည် အမေရိကန်၏ အင်အားကြီးမှုကို သက်သေမပြနိုင်ဘဲ မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာခြင်းကို ပေါ်လွင်စေကြောင်း၊ အမှားပေါ်အမှားဆင့် မှားယွင်းသည့်လုပ်ရပ်များ လုပ်ဆောင်နေဦးမည်ဆိုလျှင် တရုတ်နိုင်ငံအနေဖြင့်လည်း အဆုံးစွန်ထိ အဖော်လုပ်ပေးသွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။  (Xinhua)